close

ဘူးသီးတောင်ဆိပ်ကမ်းအခြေပြု လုပ်ကိုင်စားသောက်သူများကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်တပ်မှ ဖမ်းဆီးမှုအပြီး လူသူကင်းမဲ့နေတဲ့ ဘူးသီးတောင်မြို့စျေးဆိပ်ကမ်းကို တွေ့ရစဉ်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ဈေးဆိပ်ကမ်းကို အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁ နာရီ လောက်မှာ စစ်ကောင်စီတပ်က စစ်ကား ၃ စီးနဲ့ရောက်လာပြီး အလုပ်သမား၊ ကားသမား၊ ဘုတ်သမားတွေနဲ့ ကုန်သည်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားသမားတဦးက "ဘူးသီးတောင်စျေး ဘုတ်ဆိပ်ကမ်းက တွေ့တဲ့ လူကို ဖမ်းတာ။ ကျနော်တို့လည်း ကားမောင်းပြီး ထွက်ပြေးလာခဲ့ရတယ်။ ကုန်ပစ္စည်းတွေတင်ဖို့ မရခဲ့ဘူး" လို့ ပြောပါတယ်။

ဘူးသီးတောင်-ရသေ့တောင်-စစ်တွေ ရေလမ်းကို တိုက်ပွဲကြောင့် စစ်ကောင်စီက အကန့်အသတ် မရှိ ပိတ်ထားတဲ့အတွက် ဘူးသီးတောင်က စက်လှေတွေဟာ စစ်ကောင်စီ ရေတပ်မရှိတဲ့ ချောင်းကြားတွေက ရှောင်ကွင်းကာ စားသောက်ကုန်ပစ္စည်းနဲ့ လူတွေကို စစ်တွေကနေ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ဘက် သယ်ယူ ပို့ဆောင်နေကြတာပါ။

ဘူးသီတောင်စျေးဆိပ်ကမ်းမှာ မော်တော်ဘုတ်တွေ ဆိုက်ကပ်ပြီး ကုန်ပစ္စည်းတင်ချလုပ်နေတာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးလာတာလည်း ဖြစ်ပါတယ်။

ဘူးသီတောင်မြို့ခံတဦးက "ဒီလို ဖမ်းဆီးမှုက တော်တော်လေး တရားလွန်သွားပါပြီ။ လူတွေ အလုပ်မရှိကြဘူး။ အစိုးရကဘာထောက်ပံ့ပေးတာရှိလို့လဲ။  ဘုတ်သမားဘုတ် မထွက်ရင် ထမင်း ငတ်ကြမယ်။ ကားသမား ကား မထွက်ရင် ထမင်းငတ်ကြမယ်။ အလုပ်သမားကုန် မထမ်းရင် ထမင်းငတ်ကြမယ်။ ဘာအလုပ်လုပ်ပြီး ထမင်းစားကြမလဲ”လို့ ပြောပါတယ်။

ဘူးသီးတောင်ဆိပ်ကမ်းဈေးမှာ ဖမ်းဆီးခံရသူတွေကတော့ ဘူးသီးတောင်မြို့ ၅ ရပ်ကွက်က ဦးကျော်လှမြင့်၊ စျေးတာဝန်ကျ စျေးရဲ ကိုဇော်ဝင်း၊  ကြက်သည် မော်နီရာမောက် နဲ့ ကွမ်းယာဆိုင်ဖွင့်သူ မာမတ်တော်ယုတ်၊ ဘူသီးတောင်မြို့နယ်မှ ဘုတ်သမား အုလ္လာဘိုင်ဒူလာ၊ ပုဏ္ဏားကျွန်းမှ ဘုတ်သမား ကိုသာထူး၊ ကုန်တင်ကုန်ချအလုပ်သမား နော်ဘီအာလောင်၊ ရသေ့တောင်မြို့မှ ဘုတ်ပိုင်ရှင် အောင်ကျော်ဌေးနဲ့ အလုပ်သမားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုနေ​ကျောက်ခဲ နဲ့ ကိုနိုင်ဦး၊ ကူးတို့ လေလံဆွဲပြီး ငွေကောက်နေသူ မာတာဘော်နဲ့ စျေးကောက် ဦးအေးထွန်းတို့အပါအဝင် ဖမ်းခံရသူ ၁၇ ယောက်ရှိတယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောပါတယ်။

မောင်တော-အငူမော်လမ်းတိုက်ပွဲကြောင့် သြဂုတ် ၁၄ ရက်ကစပြီး အဲဒီလမ်းကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်မှာတော့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေ ဘူးသီတောင်-ရသေ့တောင် ခရီးစဉ်ပြေးဆွဲတာကိုပါ အကန့်သတ်မရှိ ပိတ်လိုက်တာပါ။

တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်တောမြို့နယ် ဆိပ်ကမ်းကျေးရွာတွေဖြစ်တဲ့ မကျည်းချောင်း၊  မောင်နီ၊ အောင်ဗလ၊ ပြင်ဖြူ၊ မင်္ဂလာကြီး၊ သရက်အုပ်၊ ရွက်ညို့တောင်၊ ခြံပြင်၊ စပ္ပယ်ပင်ရင်း၊ တောင်ပြို နဲ့  နံသာတောင်ကနေ မှောင်ခိုသယ်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up