close

နေပြည်တော်တွင် ရွှေကိုရောင်းဝယ်ခြင်းထက် ပေါင်နှံသူပိုများ

နေပြည်တော်မှာ  ရွှေကိုရောင်းဝယ်တာထက် ပေါင်နှံသူတွေပိုများလာတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေနဲ့ အပေါင်ဆိုင်တချို့ကပြောပါတယ်။ 

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးကွက်ဟာ အတက်အကျ  အပြောင်းအလဲ မြန်ဆန်နေတယ်ဆိုပေမယ့် နေပြည်တော်ရွှေဈေးကွက်ကတော့ အရောင်းအဝယ် မရှိသလောက် အေးစက်နေတာပါ။ 

ရွှေဆိုင်တွေမှာလည်း အရောင်းအဝယ်ထက် ပေါင်နှံလိုသူတွေပဲ လာလေ့ရှိတယ်လို့ ပျဉ်းမနားမြို့က ရွှေဆိုင်နဲ့ အပေါင်ဆိုင်တွဲဖွင့်ထားသူတယောက်က ဆိုပါတယ်။ 

"အမတို့ဆီမှာ အရောင်းမရှိတာကြာပါပြီ။ ဆိုင်ကို ပြန်လာသွင်းတဲ့သူတွေတော့ ရှိပါတယ်။ အခုနောက်ပိုင်းကတော့ ပေါင်တဲ့သူများလာတယ်။ အရင်က အခုလိုအချိန်ဆို ရွှေလုပ်တဲ့သူ အရမ်းများတာ။ အခုတော့ ပေါင်တဲ့သူတွေပဲ လာတော့တယ်" လို့ ပြောပါတယ်။

ပေါင်နှံသူတွေများလာတဲ့နောက်မှာ ရွှေအတိုးနှုန်းကလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ရွှေကိုပေါင်နှံရာမှာ အရင်က တကျပ်ခွဲတိုးပဲပေးခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ နှစ်ကျပ်ခွဲ၊ တချို့ဆိုင်တွေမှာ ၃ ကျပ်တိုး အထိပေးနေရတယ်လို့လည်း သိရပါတယ်။ 

ပြည်တွင်းရွှေဈေးဟာ အခု အောက်တိုဘာလဆန်းပိုင်းလောက်က  ၂၂ သိန်းဝန်ကျင် ဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးစောင့်ကြည့်ရေးအဖွဲ့က အမည်ပျက်စာရင်းသွင်းခဲ့ပြီးနောက်မှာတော့ သိန်း ၃၀ ဝန်းကျင် ဖြစ်နေပြီး အရောင်းအဝယ်ကတော့ မရှိသလောက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up