close

ချိန်ခါလီကျေးရွာ နယ်ခြားစောင့်စခန်းအား အေအေ ဝင်ရောက်စီးနင်း

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်လမ်းရှိ ရသေ့တောင်မြို့နယ် ချိန်ခါလီ နယ်ခြားစောင့်စခန်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ဝင်ရောက်စီးနင်းတိုက်ခိုက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချိန်ခါလီနယ်ခြားစောင့်စခန်းကို အေအေဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မီးရှို့ခဲ့ကြတာ။ ရွာက ဘယ်လိုကျန်နေခဲ့တယ်ဆိုတာ မသိတော့ဘူး။ ရွာအနီးအနားနဲ့ ရွာထဲကို ရသေ့တောင်က လှမ်းပစ်တဲ့ လက်နက်ကြီးတွေ ကျလာလို့ အခုညတွင်းချင်း တောင်ကျော်ပြီး ထွက်ပြေးနေကြရတယ်” လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။

အေအေက ဝင်ရောက်စီးနင်းတိုက်ခိုက်တာကြောင့် ရသေ့တောင်အခြေစိုက် ၅၃၆ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ချိန်ခါလီ​​ကျေးရွာနဲ့ ကိုးတန်ကောင်​ကျေးရွာတွေအနီး ကျရောက်လာတဲ့အတွက် ဒေသခံတွေ ကုန်တန်း၊ ဆင်ပိုက်ကျေးရွာတွေနဲ့  နီးစပ်ရာ ကျေးရွာတွေကို မေယုတောင်ကျော်ပြီး ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ချိန်ခါလီကျေးရွာ နယ်ခြားစောင့်စခန်းကို အေအေ စီးနင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးနဲ့ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်တာကြောင့် ကျေးရွာဒေသခံတွေ ထိခိုက်မှုရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

တိမ်းရှောင်ခဲ့ရသူတဦးက “ဘာမှယူဖို့မရဘူး။ ထမင်းလည်း မစားခဲ့ရဘူး။ ဒီအတိုင်း ထွက်ပြေးလာကြရတာ။ စခန်းကိုဝင်တိုက်တာနဲ့ လက်နက်ကြီးကျည်တွေ ရွာထဲကို ကျလာတာတွေရှိတယ်။ စခန်းတိုက်ခိုက်မှုမှာ အသေအပျောက် ဘယ်လောက်ရှိလဲ မသိဘူး။ ရွာသူရွာသားတွေ ထိခိုက်မှုတွေ မသိနိုင်သေးပါ။ အခုထွက်ပြေးနေကြရတာ” လို့ ပြောပါတယ်။

မောင်တော-အငူမော် ကားလမ်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးနဲ့ ကျောက်ပန္ဒူကျေးရွာအကြားမှာ သြဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေ ပြင်းထန်စွာ​ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၄ ရက်နေ့ကစပြီး မောင်တော-အငူမော်လမ်းကို ပိတ်ထားတာ နှစ်လကျော်ကြာပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up