close

စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ပစ္စည်းခိုးယူမှုများပြားနေ

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်တဲ့ လူနာတွေရဲ့ လက်ကိုင်ဖုန်းနဲ့ ငွေတွေ ခိုးယူခံရတာ ဆက်တိုက်ဖြစ်နေတယ်လို့ ဆေးရုံတက်ရောက်ခဲ့တဲ့လူနာရှင်တွေထံက သိရပါတယ်။

စစ်တွေဆေးရုံမှာ ဇနီးဖြစ်သူ ကျောက်ကပ် သွားခွဲချိန် ခွဲစိတ်ဆောင်လူနာခန်းမှာ ညဘက် အားသွင်းထားတဲ့ ၃ သိန်းကျော်တန် Vivo ဖုန်းတလုံး အခိုးခံခဲ့ရသလို ဘေးနားက လူနာစောင့် တယောက်လည်း ၄ သိန်းကျော်တန် လက်ကိုင်ဖုန်းတလုံး အခိုးခံခဲ့ရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။ 

“ဆေးရုံတာဝန်ရှိသူတွေကို ပြောတော့လည်း နောက်ဆိုရင် စည်းနဲ့ကမ်းနဲ့ဖြစ်အောင် အထက်လူကြီးတွေကို ပြောပေးမယ်လို့သာ ပြန်ပြောတယ်။ CCTV မှတ်တမ်းကို ကြည့်ခွင့်တောင်းတော့လည်း ဆေးရုံဝန်ထမ်းတွေက ကြည့်ရှုခွင့် မပေးကြဘူး။ အဲဒီဆေးရုံကြီးမှာ ဘာလုံခြုံမှုမှ မရှိဘူး။ နေ့စဥ်ရက်ဆက် တမျိုးပြီးတမျိုး အခိုးခံနေရတာ။”

ရသေ့တောင်မြို့နယ်ဘက်က လူနာစောင့်တယောက်မှာလည်း လက်ကိုင်ဖုန်း ပျောက်သွားတော့ လူမှုရေးအသင်းအဖွဲ့ တခုကို အကူညီတောင်းရာမှာ ဆေးရုံကြီးမှာရှိတဲ့ CCTV မှတ်တမ်းကို ကြည့်ရှုခွင့်ရသွားပြီး ဖုန်းရော တရားခံပါ မိသွားလို့ သက်ဆိုင်ရာကို အပ်နှံလိုက်ကြတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ဒေသခံတယောက်က “ဇနီး ကိုဗစ်ရောဂါနဲ့ ဆေးရုံတက် ကုသရတဲ့ အချိန် နေ့ခင်းဘက် ထမင်းစားဆောင်မှာ ထမင်းစားတဲ့အချိန် ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီး ငွေကျပ် ၃သိန်းကျော်ဆုံးရှုံးခဲ့တယ်”လို့ ပြောပါတယ်။

စစ်တွေဆေးရုံကြီးရဲ့ တာဝန်ရှိသူတယောက်ကတော့ ဆေးရုံဆိုတာ အများပြည်သူ ဝင်ထွက်သွားလာလို့ ရတဲ့ နေရာ တခုဖြစ်တာကြောင့် ကာယကံရှင်တွေအနေနဲ့ ဂရုစိုက်ဖို့ လိုအပ်သလို လိုအပ်တဲ့ လုံခြုံရေးအစီမံတွေ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

စစ်တွေပြည်သူ့ဆေးရုံကြီးဟာ ပြည်နယ်အဆင့်ဆေးရုံဖြစ်တာကြောင့် မြို့နယ်အများအပြားက လူနာတွေ လာရောက်ဆေးကုသနေပြီး လူနာတွေ လူနာစောင့်တွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ ငွေကြေးတွေ နေစဥ်ရက်ဆက် ခိုးယူခံနေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up