close

ခင်ဦးမြို့နယ်၌ ပျူစောထီးနှင့် စစ်ကောင်စီစခန်းကို ဒေသခံ PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပျူစောထီးစခန်းချတဲ့ ရွာသစ်ကုန်းကျေးရွာနဲ့ အင်းပတ်ကွေ့ စစ်ကောင်စီစခန်းတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက  နိုဝင်ဘာ ၃ ရက် ည ၈ နာရီခွဲက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးဒေသခံရွာသားတွေက  ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်လို့ အနီးက ကျေးရွာတွေဆီ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ခင်ဦးဒေသခံက “ပစ်တာတော့ တအုန်းအုန်းပဲ။ စစ်ကောင်စီက ပစ်လို့ ရွာတွေဘက် ကျတာ ရှိသလို့ တခြား ရွာတွေမှာလည်း အိမ်တွေ ပျက် လူထိခိုက်တယ်လို့ သတင်းကြားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်ဒေသခံတွေထဲက မြို့ပေါ်ဈေးသွားဝယ်သူတွေကို စစ်ဆေး ဖမ်းဆီးနေသလို ငွေကြေးတောင်း ယူပြီ ပြန်လွှတ်ပေးတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ KSO တပ်ဖွဲ့ တာဝန်ခံက “ မနေ့ည က စစ်ကောင်စီနဲ့ ပျူစခန်းကို သွားပစ်တယ်။ လက်လုပ် နှစ်ဆင့်ကွဲနဲ့ ၇ ချက်လောက် ပစ်သွင်း တိုက်ခိုက်ခဲ့တာ။ ငါးဦး သေတယ်လို့တော့ အတွင်းသတင်းရတယ်။ နောက်တော့ အင်ပတ်ရွာနားက စခန်းကို ည ၈ နာရီမှာ ထပ်သွားပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှု ရှိတယ်။ သုံးဦး သေတယ်။ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

အဆိုပါပစ်ခတ်မှုကို  ခင်ဦးမြို့နယ်ပကဖ၊ KSOတပ်ဖွဲ့၊  KSOတပ်ခွဲ-၁၊ ဒေါင်းစစ်သည် LDF-KU၊ Khin U Dog Killers-KDK၊ Future Heros-KU၊ ဗိုလ်လင်းယုန်-Local ပြောက်ကျားတပ်ဖွဲ့K U၊စွန်ရဲနီLDF-KU၊သူရိန်လျှပ်စီးမိုးကြိုး-LDF-KUတို့ပူးပေါင်းစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up