close

ဖယ်ခုံ PDF တပ်ရင်း ၂ အတွက် အရေးပေါ်ဆေးဝါးနှင့် လက်နက်ကျည် အကူအညီလိုအပ်နေ

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာကြောင့် ဖယ်ခုံ PDF တပ်ရင်း ၂၊ တပ်ခွဲ ၃ အတွက် အရေးပေါ်ဆေးဝါးနဲ့ လက်နက်ကျည် အကူအညီ လိုအပ်နေတယ်လို့ တပ်ရင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ် အင်းလေးအရှေ့ဘက်ခြမ်းရှိ ဆောင်ကန်းလမ်းဆုံကို စစ်ကောင်စီက ထိန်းချုပ်ဖို့ အင်အားအလွန်အကျွံ စစ်ကြောင်းထိုး စစ်ဆင်လာတဲ့ပေါ် ဖယ်ခုံ PDF တပ်ရင်း ၂ အပါအဝင် ပူးပေါင်းတပ်ဖွဲ့က ခုခံကာကွယ်ရင်း တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ခံတဦးက "ခုတိုက်ပွဲအခြေအနေကတော့ ရှေ့ရက်တွေက လက်နက်ကြီး တွေ ၁၂၀ မမတွေ၊ ၁၀၅ မမတွေတရစပ်ပစ်ခတ်လို့ ရွာသားတွေလည်းထိခိုက်တယ်၊ ရဲဘော် တွေလည်းထိခိုက်တယ်” လို့ ပြောပါတယ်။

၅ ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုရှိသလို ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိပါတယ်။

"ဆေးဝါးတွေကတော့ လက်ရှိအထိမပြည့်စုံဘူး၊ အဆင်ပြေအောင် ကြိုးစားစီစဉ်နေကြတယ်ဆိုတာထက် ပိုပြောလို့မရသေးပါဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆရာဝန်တွေ ကိုယ်တိုင်ကြပ်မတ်ကုသနိုင်အောင်စီစဉ်ထားပါတယ်။ စစ်ကောင်စီက အင်အားအများပြားနဲ့ ထိုးစစ်ဆင်လာတာမို့ တန်ပြန်ထောက်လှမ်းရေးအတွက်နဲ့ တိုက်ခိုက်ရေးတွက် drone လည်း လိုအပ်သလို ကျည်လည်းလိုအပ်နေတယ်။” ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ခံက ပြောပါတယ်။

လက်ရှိခုခံစစ်မှာ စစ်ကောင်စီက လက်နက်ကြီး အလွန်အကျွံအသုံးပြုပြီး တိုက်ခိုက်လာတာကြောင့် ပူးပေါင်းတပ်ဖွဲ့အပြင် ပြည်သူတွေကိုလည်းထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ တပ်ရင်း၂ တပ်ခွဲ ၃ ဟာ အမြဲရွပ်ရွပ်ချွံချွှံတိုက်ပွဲဝင်ခဲ့တဲ့တပ်ရင်းဖြစ်တယ်၊ မိုးဗြဲတိုက်ပွဲမှာ လဲ ရဲဘော်ဆုံးရှုံးခဲ့ပြီးပြီ အခုလဲ ရဲဘော်တစ်ယောက်ထပ်ဆုံးရှုံးခဲ့ရပါတယ်၊ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသူလဲ အများပြားရှိပါတယ် အလှူရှင်တွေလိုအပ်ပါတယ်။"

လွိုင်ကော် မိုးဗြဲတလျှောက်အရေးပါတဲ့ ဆောင်ကန်းလမ်းဆုံကို သိမ်းပိုက် အထိုင်ချနိုင်ရေးအတွက် စစ်ကောင်စီက စစ်အင်အား အလွန်ကျွံသုံးပြီး  ကျေးရွာတွေပါမချန် လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်တာနဲ့ စစ်ကြောင်း သုံးလေးကြောင်းဖြန့်ပြီး ထိုးစစ် ဆင်နေတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အဲဒီဒေသမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ ကယန်းပြည်သစ်ပါတီတွေကို စည်းရုံးပြီး စစ်ရှောင်တွေ ပြန်လာခိုင်းတဲ့အတွက်လည်း စစ်ရေးလုပ်ရှားမှုတွေ ခက်ခဲလာတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up