ဘဂ္ဂဒက်တွင် အမေရိကန် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်မြို့လယ်မှာ နိုဝင်ဘာ ၇ ရက်က အမေရိကန် နိုင်ငံသားတယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ အမေရိကန် နိုင်ငံသား သေဆုံးခဲ့တယ်လို့ အီရတ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံသားရဲ့ အလောင်းကို မြို့တော်အတွင်း ခါရာဒါ ခရိုင်က ဆေးရုံတစ်ခုဆီ ပို့ဆောင်ခဲ့ပြီး ကနဦးသတင်းတွေအရ ကျည်ဆန်ကြောင့် သေဆုံးတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အသတ်ခံရသူဟာ အင်္ဂလိပ်စာဆရာအဖြစ် အလုပ်လုပ်နေတဲ့ သက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူလို့ ရဲသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
သေဆုံးသူ စီးနင်းလိုက်ပါလာတဲ့ SUV ကားကို တခြားကား တစ်စီးပေါ်က လက်နက်ကိုင် ယောက်ျားတွေက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးတာလို့ တခြားရဲသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အမေရိကန်နိုင်ငံသား အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲက အမိန့်ပေးခဲ့တယ်လို့ အီရတ်နိုင်ငံပိုင် သတင်းအေဂျင်စီ (INA) က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရတ်မှာ အမေရိကန်နိုင်ငံသား အသတ်ခံရတဲ့ သတင်း တွေကို သိရှိခဲ့ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နဒ် ပရိုက်စ်က ပြောခဲ့ပါတယ်။