close

ဝက်လက်တိုက်ပွဲတွင် နေအိမ်များနှင့် PDF အဖွဲ့၏ ကား၊ ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ နိုဝင်ဘာ ၁၂ ရက်ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် ရေသောက်ကန်နဲ့ ပေါက်ကန်ကျေးရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်ဆုံရာမှ အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်အင်အား မမျှတာ ကြောင့်  ဆုတ်ခွာခဲ့ချိန် တိုက်ပွဲအတွက် အသုံးပြုတဲ့ ကား ၂ စီး နဲ့ ဆိုင်ကယ် ၄ စီး မီးရှို့ဖျက်ဆီး ခံရတာလို့ ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"တပ်ဖွဲ့က ရဲဘော်တွေကတော့ အထိခိုက်မရှိခဲ့ဘူး။ ဒါပေမယ့် ကားတွေ၊ ဆိုင်ကယ်တွေ မီးရှို့ခံ လိုက်ရတယ်။ စိန်ပြောင်း ၂ လက်နဲ့ ကျည်တွေရော ပါသွားတယ်။ အဓိက လက်နက်အင်အား မမျှတာပေါ့။ ဒါကြောင့် ပြန်ဆုတ်ခဲ့ရတာပါ။"

အဲဒီနောက် တဆက်တည်းမှာပဲ နိုဝင်ဘာ ၁၃ ရက် မနက် ၇ နာရီလောက်မှာ ထန်းကြီးကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံခေါင်းဆောင်တွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးဗိုလ်ကျားကြီးက “သူတို့က ထန်းကြီးရွာကို မီးရှို့တယ်။ အဲဒီရွာက အိမ်ခြေ ၃၀၀ တော့ ရှိမယ်။ တရွာလုံးနီးပါးတော့ လောင်မယ်ထင်တယ်။ ရှင်းလင်းရေး လည်း မဝင်ရသေးတော့ အတိကျတော့ မပြောနိုင်သေးဘူး။ တိုက်ပွဲက နေ့လယ် ၂ နာရီကနေ ထိပ်တိုက်ဖြစ်တာ။ ကိုယ့်ဘက်ကတော့  ဟိုဘက်က လက်နက်ကြီးနဲ့ ပစ်လို့ ၂ ယောက်တော့ ထိတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။‌‌ သူတို့ဘက်ကတော့ အကျဆုံးများတယ်။ အဖွဲ့က မျက်မြင်တွေလိုက်ရတာကတော့ ၃ ဦး သေတယ်။”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ PDFနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျောင်းဖြူရွာမှာ ယာယီစခန်းချနေထိုင်ပြီး စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံထောင်နဲ့ချီဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up