close

ဘန်ကောက်တွင် မြန်မာအမျိုးသား ၁ ဦးကို လူသတ်မှုဖြင့် ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ဘွမ်နယ်မြေ ဧကချိုင်းလမ်းသွယ် ၈၉ ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က သေဆုံးနေတဲ့ မြန်မာအမျိုးသမီးတယောက်ရဲ့အလောင်း တွေ့ရှိပြီးနောက် ဘန်ခွန်ထိန်းနယ်မြေရဲတပ်ဖွဲ့က တရားခံကို လိုက်လံစုံစမ်းရှာဖွေနေရာမှာ နောက်တနေ့မှာပဲ အခန်းချင်းကပ်လျက် နေထိုင်တဲ့ မြန်မာအမျိုးသားတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သေဆုံးသူ မခင်မာဝင်း (၂၉ နှစ်) ရဲ့ ရည်းစားကိုရော၊ အခန်းဘေးက လူတွေကိုပါ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ရာမှာ သူ့ရည်းစားမှာတော့ မသင်္ကာစရာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဘေးခန်းက အမျိုးသမီးကို ရဲကစစ်ဆေးမေးမြန်းရာမှာတော့ သူ့ခင်ပွန်းက တခြားကို ထွက်သွားပြီလို့ ထွက်ဆိုခဲ့တဲ့အတွက် စီစီတီဗွီကင်မရာတွေ လိုက်လံစစ်ဆေးရာမှာ အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းဟာ ၉ ရက်နေ့ မနက်စောစောကတည်းက အဆောင်ကနေ ထွက်ခွာသွားတာတွေ့ရလို့ ခြေရာလိုက်ကောက်ရာက နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲမှာ ချချိန်းဆောင်းမြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့အမျိုးသားမှာ အသက် ၂၈ နှစ်အရွယ်ရှိ အောင်ဇော်ဝင်းဖြစ်ပြီး လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်က အလုပ်သမားဖြစ်ကြောင်း၊ သူဟာ ဇနီးနဲ့ သားသမီးနဲ့အတူ သေဆုံးသူ မခင်မာဝင်းနဲ့ အခန်းချင်းကပ်လျက် နေထိုင်သူလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ညနက်ချိန် ထိုင်းနိုင်ငံရဲ့ လွိုင်ကထုန်မီးထွန်းပွဲမှာ သူဟာ အပြင်ကနေ သောက်စားမူးယစ်ပြီး ပြန်လာကြောင်း၊ သူ့အခန်းထဲမှာ ဇနီးနဲ့ကလေး ရှိမနေဘဲ ဘေးခန်းကို ချောင်းကြည့်တော့ မခင်မာဝင်းမှာ အိပ်ပျော်နေလို့ ခြင်လုံဇကာကိုဟပြီး အတွင်းကနေ တံခါးဖုကို လှည့်ဖွင့်ခဲ့ကြောင်း၊ အဲဒီနောက် မုဒိမ်းကျင့်ဖို့ကြံရွယ်စဉ် အမျိုးသမီးက လန့်နိုးလာကာ အော်ဟစ်အကူအညီတောင်းမလို့ လုပ်တာကြောင့် အဖမ်းခံရမှာ စိုးပြီး လည်ပင်းကို အရင်ညှစ်ကာ အနီးကတုတ်နဲ့ ခေါင်းကိုရိုက်ထည့်လိုက်တာလို့ ဖွင့်ဟဝန်ခံပါတယ်။

မခင်မာဝင်း သေသွားတော့ အဲဒီညမှာ ဟန်မပျက် သူ့အခန်းထဲပြန်နေပြီး မနက်မိုးလင်းတော့ သူငယ်ချင်းရှိရာ ချချိန်းဆောင်းဘက် ရှောင်ထွက်လာစဉ် အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

ရဲတွေက သူ့ကို ဘန်ခွန်ထိန်းရဲစခန်းကို ပြန်ခေါ်လာပြီး တမင်ကြံရွယ်လူသတ်မှုနဲ့ ကနဦး အရေးယူထားကြောင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း ရှိမရှိကိုတော့ ဓာတ်ခွဲခန်းက ဆေးစစ်ချက်အဖြေ စောင့်ကြည့်ဦးမယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသူ မခင်မာဝင်းဟာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ဘက်ကဖြစ်ပြီး အသက် ၈ နှစ် အရွယ် သားတယောက် မြန်မာပြည်မှာ ကျန်ခဲ့ကာ ထိုင်းနိုင်ငံ ဘန်ကောက် ဧကချိုင်းလမ်းသွယ် ၈၉ ရှိ စက်ရုံတရုံမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up