close

အဆိုတော် စောဖိုးခွားကို စစ်ကောင်စီ ပြန်ဖမ်းဆီး

ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်ကနေ ဒီနေ့မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့တဲ့ အဆိုတော် စောဖိုးခွားကို စစ်ကောင်စီက ထောင်ဗူးဝမှာ ပြန်လည်ဖမ်းဆီးပြီး ထောင်တွင်းပြန်ထည့်ထားတယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့နှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ရာ ထောင်ဗူးဝအရောက်မှာ စစ်ကောင်စီမှ ပေးပို့လာတဲ့ ကြေးနန်းအရ ပြန်လည်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုပဲလွှတ်၊ အခုပဲ ပြန်ဖမ်းခိုင်းတာ၊ ထောင်ဗူးဝတောင် ရောက်နေတယ်။ စစ်တပ်က အရေးပေါ်ကြေးနန်းဝင်လို့ ပြန်ဖမ်းလိုက်ရတာ။”

စစ်ကောင်စီက နောက်ထပ်စစ်ဆေးစရာအမှုတွေ ရှိနေသေးတဲ့အတွက် ပြန်လည်ဖမ်းဆီးခိုင်းတာဖြစ်ပြီး အဆိုတော် စောဖိုးခွားကို ရက်ပိုင်းအတွင်း နယ်ဘက်ထောင်ကို ပို့ဆောင်ခိုင်းထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘာအမှုကျန်လဲဆိုတာ တိတိကျကျမပြောဘူး။ အကစကို မှာထားတယ်။ အဆိုတော် စောဖိုးခွားကို ထောင်ပြောင်းဖို့။”

စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာ အဆိုတော် စောဖိုးခွားကို ဖမ်းဆီးခဲ့ပြီးနောက် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)၊ ပုဒ်မ ၅၀၅(ခ) တို့နဲ့ပါ တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up