အိုးထရတ်ဖို့ဒ်ကွင်းအပြင်ဘက်က ရော်နယ်ဒို ပါဝင်သည့် ရုပ်ပုံပိုစတာကို မန်ယူအသင်း ဖြုတ်ချ

မန်ယူအသင်းဟာ အိုးထရတ်ဖို့ဒ် ကွင်းအပြင်ဘက်က စီရော်နယ်ဒို အပါအဝင် မန်ယူဂန္ထဝင် ဘောလုံးသမားတွေရဲ့ ရုပ်ပုံပါ ပိုစတာတစ်ခုကို ဖြုတ်ချလိုက်ပါတယ်။
အစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ရော်နယ်ဒိုရဲ့ ပိုစတာကို မန်ယူအသင်းက ဖြုတ်ချခဲ့တာပါ။
အဲဒီပိုစတာဟာ ဂန္ထဝင်ကျောနံပါတ် ၇ ကစားသမားတွေကို ဂုဏ်ပြုထားတဲ့ ပိုစတာဖြစ်ပြီး ရော်နယ်ဒိုနဲ့အတူ အဲရစ်ကန်တိုနာနဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့ပုံတွေလည်း ပါဝင်ပါတယ်။
မန်ယူအသင်းက သူ့ကို သစ္စာဖောက်ခဲ့ပြီး ပိုင်ရှင် ဂလေဇာမိသားစုဟာလည်း အသင်းကို ဂရုစိုက်မှုမရှိကြောင်း စီရော်နယ်ဒိုက အင်တာဗျူးမှာ ဝေဖန်ခဲ့တာပါ။
ဒါ့အပြင် နည်းပြတန်ဟတ်ဂ်ဟာလည်း သူ့အပေါ် လေးစားမှုမရှိလို့ သူကလည်း နည်းပြအပေါ် လေးစားမှုမရှိကြောင်း၊ သူ့ကို အသင်းကနေ နှင်ထုတ်ချင်တဲ့ အသင်းတာဝန်ရှိသူတွေလည်း ရှိကြောင်း ရော်နယ်ဒိုက အင်တာဗျူးမှာ လူသိရှင်ကြား ဝေဖန်ခဲ့တာပါ။
ဒီပြောကြားချက်နဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုကို အရေးယူသွားမယ်လို့ ယူနိုက်တက်အသင်းက ကြေညာထားပါတယ်။