close

တနင်္သာရီ စစ်ရှောင်များ ဆေးဝါးနှင့်ရိက္ခာလိုအပ်၊ စစ်တပ်လေယာဉ် ပျံဝဲသဖြင့် ဒေသခံများ စိုးရိမ်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အနောက်မော်တုံး ကျေးရွာကနေ ထွက်ပြေးတိမ်းရှာင်နေသူတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အနောက်မော်တုံးကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်သူ ၆၀၀ ကျော်ရှိပြီး ၂၀၀ လောက်က နီးစပ်ရာ ကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးတိမ်းရှောင်နေသလို ကျန်တဲ့ ၄၀၀ ကျော်ကတော့ ကျေးရွာအနောက်က တောင်ပေါ်ဥယျာဉ်ခြံတွေထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီလို နီးစပ်ရာကျေးရွာတွေထဲကို ထွက်ပြေးကြတဲ့ ဒေသခံ ၂၀၀ ထဲမှာ မသန်စွမ်း ၄ ဦး၊ အသက်ရွယ်ကြီးရင့်သူ ၆ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး ပါရှိသလို ကျန်းမာရေးမကောင်းသူတွေလည်း ပါဝင်နေတဲ့အတွက် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတယောက်က ပြောပါတယ်။

မြိတ်ခရိုင်ထဲမှာရှိတဲ့ ညောင်ပင်ကွင်း၊ ၆ မိုင်၊ တုံးဗျော၊ ဘန်လော၊ ဘန်လင်၊ ဘန်းလမွတ် စတဲ့ရွာတွေက ဒေသတွင်းတိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး တခြားရွာတွေကလည်း စစ်ရေးတင်းမာနေတဲ့အတွက် ရှောင်တိမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေရဲ့ စာရင်းအချက်လက်တွေအရ တနင်္သာရီမြို့နယ်ထဲမှာ စစ်ရှောင်နေသူဦးရေ ၃,၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းလောက်က စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ ပျံဝဲနေတဲ့အတွက် ဒေသတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အဲဒီလို ကင်းထောက်လေယာဉ်တွေ ပျံဝဲနေတဲ့အတွက် တနင်္သာရီမြို့ အပါအဝင် တကူ၊ ဗောဓိကမ်း၊ ညောင်ပင်ကွင်း၊ ထုံမခါနဲ့ ဂဏန်းကွင်း စတဲ့ကျေးရွာတွေက ဒေသခံတွေ စိုးရိမ်နေပြီး ဘေးလွတ်ရာကို ထွက်ပြေးဖို့အတွက် အထုပ်အပိုးတွေ အဆင်သင့် ပြင်ဆင်ထားရတယ်လို့ ဗောဓိကမ်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲက နေရာတချို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up