close

စစ်တပ်ပစ်ခတ်မှုကြောင့် ရေးဒေသခံများ စိုးရိမ်၊ ပေါလောကျွန်းရွာသားတချို့ ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ရေးမြို့ အထွက်နေရာတွေဖြစ်တဲ့ ရေး ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်၊ ရေးရဲစခန်း ​မြို့တော်ဦးဂိတ်၊ ၅၈၆ တပ်ရင်း အပါအဝင် ရေးတံတားကြီးဘက်တွေမှာ နိုဝင်ဘာ ၂၄ ရက် မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ သေနတ်ပစ်ခတ်သံကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

မြို့ခံတဦးက “သေနတ်သံကြားရတာ တရစပ်ကို မနားဘဲပစ်တာ။ အချက်ပေါင်းမနည်းဘူး။ ဘေးက ခြံသမားတွေ၊ လူနေအိမ်တွေအပြင် သွားလာနေတဲ့ ခရီးသွားတွေလည်း ကြောက်လန့် နေကြပြီး အပြင်တောင် မသွားရဲ မလာရဲကြဘူး” လို့ ပြောပါတယ်။

ရေး-ထားဝယ်သွား ကားလမ်း ကျုံလောင်းရွာသစ်နား စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ယောက် စီးလာတဲ့ကားကို ​ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အခုလို ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းပေါ်က ရေးမြို့နယ် နှင်းစုံတံတားမှာ ကင်းချထားတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ရေးပြောက်ကျားတပ်ဖွဲ့ YGF က ၄၀ မမနဲ့ ၃ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ YGF တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်တပ်က အင်အား ၂၀ လောက်ရှိမယ်။ တံတားမှာ တပ်စွဲထားပြီး  စက်သေနတ်တွေနဲ့ ပြန်ပစ်ပေမဲ့ အထိအခိုက် မရှိအောင် ပြန်ဆုတ်ခွာခဲ့ရတာပါ။”

မနေ့က ရေး-ထားဝယ်ကားလမ်း ကျုံလောင်းရွာသစ်မှာ ရေးမြို့မရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ရေး-သံဖြူဇရပ်ကားလမ်း နှင်းစုံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ၂ နေရာ အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ရေးတံတားကြီး စစ်ဆေးရေးဂိတ်မှာ ရာနဲ့ချီတဲ့ ခရီးသွားကားတွေ ပိတ်မိနေပြီး ညနေ ၃ နာရီကျော်လောက်မှ လမ်း  ပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်မရောမြို့နယ်မှာလည်း KNLA နဲ့ပူးပေါင်းအဖွဲ့တွေကို အအေးတိုက်လို့ဆိုပြီး ပေါလောကျွန်းရွာက ဒေသခံတချို့ကို ကရင်နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးနေတာကြောင့် အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နိုဝင်ဘာ ၂၄ ရက် မနက် ၁၁ နာရီ လောက်ကလည်း ကရင်နယ်ခြားစောင့်တပ် BGF ၁၀၂၁ က ဗိုလ်ဌေးတင် ဦးဆောင်တဲ့အဖွဲ့က ပေါလောကျွန်းရွာကို ကား နှစ်စီးနဲ့ ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ကြရပြီး ဆိုင်ကယ် ၄ စီးကို သိမ်းယူသွားတယ်လို့ PDF ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

PDF သတင်းရင်းမြစ်က “လက်ရှိ ရွာမှာ လူကြီးသူမတွေ နဲ့ ကလေးငယ်လောက်ပဲ ကျန်တယ်။ ကျန်တဲ့ လူငယ် လူရွယ်တွေက ပေါလောရွာက  သတင်းပေးတွေကြောင့်  ရှောင်နေကြရတုန်း။ မပြန်နိုင်ကြသေးဘူး”လို့ ဆိုပါတယ်။

ပေါလောကျွန်းရွာဟာ အိမ်ခြေ ၃၀၀ဝန်းကျင်လောက်ရှိပြီး အများဆုံးက လယ်ယာနဲ့ ခြံလုပ်ငန်းကို လုပ်ကိုင်နေသူတွေ ဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့ တောင်ကလေးရွာနဲ့ဆို ၁ မိုင်လောက်သာ ဝေးပါတယ်။

တောင်ကလေးရွာမှာ ပြီးခဲ့တဲ့ရက်တွေက ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်တပ်က အကျအဆုံး ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up