close

အာဖရိကခေါင်းဆောင်များကြားက သဘောတူညီချက်ကို ကွန်ဂိုနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း ဂိုမာမြို့မှာ နိုဝင်ဘာ ၂၄ ရက်က လူရာပေါင်းများစွာဟာ M23 သူပုန်တွေရဲ့ တိုက်ခိုက်မှုကို ရပ်တန့်ဖို့ အာဖရိက ခေါင်းဆောင်တွေကြား သဘောတူညီချက်ကို ကန့်ကွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီသူပုန်အဖွဲ့ကို ရဝမ်ဒါက ကျောထောက်နောက်ခံပေးနေတာကို ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိဘူးလို့လည်း ပြောပါတယ်။

ဒီသဘောတူညီချက်တွေနဲ့ ထိပ်သီးအစည်းအဝေးတွေကို ပြည်သူတွေ စိတ်မဝင်စားကြောင်းနဲ့ သူတို့စိတ်ဝင်စားတာက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပဲ ဖြစ်တယ်လို့ အရပ်ဘက် လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူနဲ့ ဆန္ဒပြခေါင်းဆောင် ဂျွန်ဘန်ရီနီက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ရဝမ်ဒါရဲ့ကျောထောက်နောက်ခံပြုမှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ နှုတ်ဆိတ်နေမှုနဲ့ မရေရာမှုတွေကို ရှုတ်ချကြောင်း ရေးသားထားတဲ့ ဘန်နာ စာတန်းတွေ ကိုင်ဆောင်ပြီး မြို့လယ်ခေါင်ကို ဖြတ်လျှောက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပြင်သစ်နဲ့ ဗြိတိန် ကောင်စစ်ဝန်ရုံးတွေအထိ ချီတက်ခဲ့ကြပြီးတော့ ရဝမ်ဒါနဲ့ ယူဂန်ဒါတို့ကို ပြည်ပကနေ ပိတ်ဆို့အရေးယူဖို့ နိုင်ငံခြားဩဇာအာဏာရှိတဲ့ နိုင်ငံတွေကို တောင်းဆိုထားတဲ့ စာချွန်လွှာကို ဆန္ဒပြခေါင်းဆောင်က ဖတ်ကြားကာ ကောင်စစ်ဝန်ရုံးတွေက တာဝန်ရှိသူတွေဆီ ပေးအပ်ခဲ့ပြီး ချီတက်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

တူဆီခေါင်းဆောင်တဲ့ M23 အဖွဲ့ဟာ ကွန်ဂိုအရှေ့ပိုင်းမှာ ၂၀၁၂ ခုနှစ်ကတည်းက အပြင်းထန်ဆုံး ထိုးစစ်ဆင်နေပြီး လက်နက်ကိုင်အဖွဲ့တွေက မြေယာနဲ့ သယံဇာတတွေအပေါ် ဆယ်စုနှစ်များစွာ ငြင်းခုံခဲ့ကြတဲ့ နယ်မြေမှာ နောက်ထပ် မတည်မငြိမ် ဖြစ်နေတာပါ။

တိုက်ပွဲတွေ ပြန်ပေါ်လာတာဟာ အိမ်နီးချင်း ရဝမ်ဒါက ဒီအဖွဲ့ကို ကျောထောက်နောက်ခံ ပြုပေးနေတယ်လို့ ကွန်ဂိုက စွပ်စွဲထားပြီး ရဝမ်ဒါကတော့ ငြင်းဆန်ထားပါတယ်။

အာဖရိကခေါင်းဆောင်တွေဟာ ကင်ညာသမ္မတဟောင်း အူဟူရူ ကင်ညတ်တာရဲ့ ပံ့ပိုးမှု အောက်မှာ ဒီအကျပ်အတည်းကို ဖျန်ဖြေပေးနေတာ ဖြစ်ပါတယ်။

M23 သူပုန်အဖွဲ့ကတော့ ကွန်ဂိုနဲ့ ရဝမ်ဒါတို့ ပါဝင်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိုက်ရိုက်မှတ်ချက်ပေးခြင်း မရှိပါဘူး။

ရဝမ်ဒါတပ်တွေဟာ M23 နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေရှိကြောင်း ကုလသမဂ္ဂက  သြဂုတ်လမှာ ပြောကြားခဲ့ပါတယ်။

ရဝမ်ဒါအနေနဲ့ ဒီအဖွဲ့ကို ကျောထောက်နောက်ခံပြုတာကို ရပ်တန့်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up