close

ဟွာဝေနှင့် ZTE မှ ဆက်သွယ်ရေးပစ္စည်းသစ်များ အမေရိကန် တားမြစ်

တရုတ်နိုင်ငံရဲ့ ဟွာဝေ နည်းပညာနဲ့ ZTE တို့မှ ဆက်သွယ်ရေးပစ္စည်းအသစ်တွေဟာ အမေရိကန် အမျိုးသား လုံခြုံရေးအတွက် လက်မခံနိုင်တဲ့အန္တရာယ်ဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် FCC ဟာ အဲဒီပစ္စည်းအသစ်တွေရဲ့ ခွင့်ပြုချက်ကို နိုဝင်ဘာ ၂၅ ရက်က တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုအတွက် အမျိုးသားလုံခြုံရေးအန္တရာယ်ဖြစ်စေတယ်လို့ ယူဆရတဲ့ ပစ္စည်းရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းကို တားမြစ်လိုက်တဲ့ နောက်ဆုံးစည်းမျဉ်းတွေကို ချမှတ်လိုက်တာဖြစ်ကြောင်း FCC က  ပြောကြားခဲ့ပါတယ်။ 

ဒါဟာ တရုတ်တယ်လီကွန်း စက်ပစ္စည်း ထုတ်လုပ်သူတွေကို နောက်ဆုံးဖြိုခွဲမှု ဖြစ်ပါတယ်။ FCC ဥက္ကဋ္ဌ Jessica Rosenworcel က အမေရိကန်မှာ ကုမ္ပဏီတွေကို စက်ကိရိယာအသစ်တွေ ရောင်းချခြင်းကနေ ထိထိရောက်ရောက် တားမြစ်ထားတဲ့ အဆိုပြုဆောင်ရွက်ချက်ကို အပြီးသတ် အတည်ပြုချက်ရယူဖို့ တခြားကော်မရှင်အဖွဲ့ဝင် ၃ ဦးဆီ အောက်တိုဘာလက ဖြန့်ဝေခဲ့ပါတယ်။

ဒီဖြစ်ရပ်အပေါ် ဟွာဝေ က မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပြီး ZTE ဟာ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ ဒီအကြံအစည်ကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ပထမဆုံး အဆိုပြုခဲ့တာပါ။ 

အမေရိကန်ပြည်ထောင်စုဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် FCC ရဲ့ ထုတ်ပြန်ချက်အရ ဒီဆောင်ရွက်ချက်ဟာ တာ့ဟွာ နည်းပညာကုမ္ပဏီ၊ ဟန်ကျိုး ဟိုက်ဗစ်ရှင် ဒစ်ဂျစ်တယ် နည်းပညာ ကုမ္ပဏီနဲ့ ဟိုက်တီရာ ဆက်သွယ်ရေးကော်ပိုရေးရှင်း တို့ကိုလည်း အကျိုးသက်ရောက်သွားမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up