အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လက်တင်အမျိုးသမီးများ ဆန္ဒပြ

မက္ကဆီကိုစီးတီးမှ ဆန်တီယာဂိုအထိ လက်တင်အမေရိကတစ်ဝှမ်းရှိ အမျိုးသမီးတွေဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၅ ရက်က လမ်းတွေပေါ် ချီတက်ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးတွေ သတ်ဖြတ်ခံရမှု ရပ်တန့်ရေး အာဏာပိုင်တွေကို ပိုပြီး အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဘိုလီးဗီးယားနိုင်ငံ လာပက်ဇ်မြို့တော်မှာ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေမှာ အပြစ်ပေးခံရမှု ကင်းလွတ်နေတာကို အဆုံးသတ်ရေး တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
PAHO- ပန်အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းရဲ့အစီရင်ခံစာအရ ဘိုလီးဗီးယားဟာ အဖော်ပါတနာ ဆီကနေ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရမှု အများဆုံး လက်တင်အမေရိက နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။
အမျိုးသမီး ၁၀ ဦးမှာ ၇ ဦးက အကြမ်းဖက်မှု ပုံစံတချို့ကို ကြုံတွေ့နေရကြောင်း သိရပါတယ်။
ချီလီမြို့တော်မှာ ကျား၊မ အခြေပြု အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ သမ္မတအိမ်တော်ရှေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မက္ကဆီကိုစီးတီးမှာ ဆန္ဒပြအမျိုးသမီးတွေဟာ အာဏာပိုင်တွေကနေ အများအပြား လုံခြုံရေးချထားတဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
အောက်တိုဘာလက မက္ကဆီကိုနိုင်ငံမှာ မိန်းမ ဆိုတဲ့ လိင်ဖြစ်တည်မှုကြောင့် အသတ်ခံရတဲ့ အမျိုးသမီး အယောက် ၈၀ ရှိခဲ့ကြောင်း အခုသီတင်းပတ် အစိုးရအစီရင်ခံစာအရ သိရပါတယ်။ ဒါဟာ ၄ လဆက်တိုက် အရေအတွက် တိုးလာတာဖြစ်ပါတယ်။
လက်တင်အမေရိကအမျိုးသမီးတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့အဖော်တွေရဲ့ အကြမ်းဖက်ခံရမှု သားကောင်တွေ ဖြစ်နေပြီး ၁၁ ရာခိုင်နှုန်းနီးပါးလောက်ကတော့ ကိုယ်နဲ့မရင်းနှီးတဲ့ တခြားသူတွေဆီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့ သားကောင်တွေ ဖြစ်နေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။