close

လောင်းလုံးတွင် စပါးရိတ်ခ ၂ ဆခန့်မြင့်တက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲမှာ စပါးရိတ်စက်နဲ့ စပါးရိတ်သိမ်းခဟာ ၂ နှစ်အတွင်း ၂ ဆနီးပါး မြင့်တက်လာတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က စက်နဲ့ စပါးရိတ်သိမ်းခဟာ လယ် ၁ ဧကကို ငါးသောင်းဝန်းကျင်သာ ရှိခဲ့ရာက ဒီနှစ်မှာတော့ လယ် ၁ ဧကကို ၁ သိန်းလောက်အထိ ကုန်ကျနေတာပါ။

စက်သုံးအပိုပစ္စည်းနဲ့ စက်သုံးဆီ စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် စပါးရိတ်ခလည်း အခုလို မြင့်တက်လာရတာလို့ လောင်းလုံးဒေသခံ စပါးရိတ်စက်ပိုင်ရှင် တဦးက ပြောပါတယ်။

"၂၀၂၀ လောက်က စပါးရိတ်ခက ငါးသောင်းကျော်ပဲ၊ အဲတုန်းက ဒီဇယ် ၁ ပီပါ ၁၃၀,၀၀၀ လောက်ပဲ။ အခုဆီစျေးနှုန်းက အဲဒီတုန်းက စျေးနဲ့ တော်တော်ကွာတာ။ စက်အပိုပစ္စည်းလည်း အဲဒီလိုပဲ။ ၁ သိန်းတန်ပစ္စည်းက အခု ၂ သိန်းကျော်ကို ရောက်သွားတယ်။ ဒါကြောင့် ဒီနှစ် စပါးရိတ်ခက ၁ သိန်းလောက်ဖြစ်သွားတာ။"  

မြန်မာနိုင်ငံမှာ  ၂၀၂၀ နှောင်းပိုင်းလောက်က ဒီဇယ် ၁ ပီပါ စျေးနှုန်း ၁ သိန်းကျော်သာရှိခဲ့ရာကနေ လက်ရှိ ၁ ပီပါ  ၆ သိန်းခွဲလောက်အထိ မြင့်တက်နေတာပါ။

လောင်းလုံးမြို့နယ်အတွင်း မနှစ်က စပါးပေါ်ချိန် နိုဝင်ဘာလကုန်လောက်မှာ ဒေသခံ လယ်သမားအများစု စိုက်ပျိုးလေ့ရှိတဲ့ ကောက်ကြီးစပါး ၁ တင်းစျေးနှုန်း ၆ ထောင် ဝန်းကျင်သာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၂,၀၀၀ လောက်အထိ ရှိနေပါတယ်။

အရင်နှစ်ကထက် စပါးစျေးကောင်းလာပေမဲ့ ရိတ်သိမ်းခ နှစ်ဆလောက်တက်တဲ့အပြင် အလုပ်သမားခ၊ စပါးသယ်ယူ စရိတ်တွေ၊ ဓာတ်မြေသြဇာစျေးနှုန်းတွေပါ မြင့်တက်လာတာ ကြောင့် တွက်ချေမကိုက်ကြဘူးလို့ ဒေသခံလယ်သမား တဦးက  ပြောပါတယ်။

လောင်းလုံးမြို့နယ်ထဲက ​ဒေသခံလယ်သမားတွေဟာ စပါးကိုသာ အဓိကထားစိုက်ပျိုးကြပြီး စပါးရိတ်စက်နဲ့ စပါးရိတ်သိမ်းကြသလို လက်နဲ့ ရိတ်သိမ်းကြတာတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up