လျှပ်စစ်၊ ရေနှင့် အပူပေးစနစ်များ ပြတ်တောက်မှုကြောင့် ကိဗ်မြို့ခံများ အခက်တွေ့

ရုရှားက ယူကရိန်းရဲ့ အခြေခံအဆောက်အအုံတွေကို ပြီးခဲ့တဲ့ ဆောင်းဦးရာသီအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ မှောင်မိုက်အေးခဲတဲ့ ဆောင်းရာသီကို အန်တုနေရပါတယ်။
လျှပ်စစ်၊ ရေနဲ့ အပူပေးစနစ်တွေ ကာလအပိုင်းအခြားအလိုက် ပြတ်လတ်မှုရှိနေပေမဲ့ ကိဗ်မြို့ခံတွေဟာ ပုံမှန်လူနေမှုဘဝအတိုင်း နေထိုင်နိုင်ဖို့၊ အလုပ်သွားနိုင်ဖို့၊ ကော်ဖီဆိုင် လည်ပတ်ဖို့ အပါအဝင် အများပြည်သူနေရာမှာ ကခုန်တာ စတဲ့ ပုံစံမျိုးစုံနဲ့အတူ ကြိုးစားနေထိုင်နေကြတာပါ။
ဒီဇင်ဘာ ၁ ရက်နေ့က ကိဗ်မြို့တော်ဝန် Vitaliy Klitschko ဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အလုံးစုံအမှောင်ကျသွားနိုင်တဲ့ အခြေအနေအတွက် ရေ၊ အစားအစာနဲ့ နွေးထွေးတဲ့ အဝတ်အထည်တွေ စုဆောင်းထားဖို့၊ ဖြစ်နိုင်ရင် ယူကရိန်းမြို့တော်ရဲ့ ဆင်ခြေဖုံးနေရာတွေမှာ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းနေထိုင်ဖို့ စဉ်းစားထားသင့်တယ်လို့ ပြောပါတယ်။
အခြေခံအဆောက်အအုံတွေကို ဖျက်ဆီး တိုက်ခိုက်ခံရတဲ့အခါ အလုံးစုံအမှောင်ကျပြီး လျှပ်စစ်မီး၊ ရေပေးဝေမှု၊ ရေနုတ်မြောင်းနဲ့ အပူပေးစနစ်တို့ လုံးဝပြတ်တောက်သွားနိုင်တာကြောင့် အပူချိန် တဟုန်ထိုး ကျဆင်းသွားတာမျိုးတွေလည်း ကြုံရနိုင်တယ်လို့ ကိဗ်မြို့တော်ဝန် က သတိပေးထားပါတယ်။