close

စစ်ကိုင်းတိုင်းအထက်ပိုင်း ဖုန်းလိုင်းများ တပတ်ကြာ ပြတ်တောက်

စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့အတော်များများ အောက်တိုဘာ ၁ ရက်နောက်ပိုင်းက စတင်ကာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး အောက်တိုဘာ ၇ ရက်မှာ ဖုန်းလိုင်း ပြန်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မော်လိုက်မြို့နယ် ဒေသခံအမျိုးသားတဦးက "မော်လိုက်မြို့ပေါ်နဲ့ မော်လိုက်မြို့နယ်တွေမှာ MPT ၊ Ooredoo, Telenor ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတယ်။ စက်တင်ဘာ ၃၀ ရက်က တိုက်ပွဲဖြစ်စဉ်ရဲ့ နောက်ဆက်တွဲလို့ ထင်မိပါတယ်။ မော်လိုက်မြို့ပေါ်က ပြည်သူတွေနဲ့ နယ်က ပြည်သူတွေအတွက် များစွာစိုးရိမ်မိတယ် " လို့ ပြောပါတယ်။

မော်လိုက်မြို့နယ်မှာ MPT ၊ Ooredoo, Telenor ဖုန်းလိုင်းတွေရှိပေမယ့် Mytel ဖုန်းလိုင်း တခုသာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာလည်း ဖုန်းလိုင်းများပြတ်တောက်ပြီး ဆက်သွယ်ရေး အခက်အခဲ ဖြစ်ခဲ့တယ်လို့ လွှဲ‌ငွေလုပ်ငန်းလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒေသခံ စီးပွားရေးလုပ်ကိုင်နေသူတဦး " MPT ကတော့ လုံးဝလိုင်းပျောက်သွားတယ်။ Telenor ကတော့ လိုင်းပေါ်လိုက် ပျောက်လိုက် ဖုန်းပြောလို့ ရလိုက်နဲ့ အင်တာနက်လိုင်းကတော့ ရကို မရတာ Mytel ကတော့ သုံးတဲ့ သူ သုံးကြတယ်။ ဒါပေမဲ့ မရှိသုံး သုံးကြတာပါ " လို့ ပြောပါတယ် ။

မော်လိုက်မြို့မှာ ဖုန်းလိုင်တွေ မကြာခဏပြတ်တောက်လေ့ရှိပေမဲ့ ၂ ရက် လောက်သာ ပြတ်တောက်လေ့ရှိပြီး အခုလို သီတင်းပတ်နဲ့ချီ ပြတ်တောက်တာကတော့ အခုတကြိမ် ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up