close

လှည်းကူးတွင် အလောင်း ၁၃ လောင်း တွေ့ရှိ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီက သေဆုံးနေတဲ့ အလောင်း ၁၃ လောင်း တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီက ဘားလားကျေးရွာ တပင်ရွှေထီးလမ်းဘေးမှာ သေဆုံးနေတဲ့ ရိုဟင်ဂျာ ၁၃ ဦးကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ လာရောက် သယ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အုပ်ချုပ်ရေးပိုင်းကတော့ ဒဏ်ရာမရှိဘဲ သေနေတယ် ပြောတယ်။ ကိုယ်တွေက ဆရာဝန် မဟုတ်တော့ မသိဘူး။ သေနေတာပဲသိတာ။ ပရဟိတအဖွဲ့တွေက လာသယ်သွားတယ်။”

သေဆုံးသူ ရိုဟင်ဂျာအမျိုးသား ၁၃ ဦးမှာ အသက်အရွယ် ၁၅ နှစ်မှ ၁၆ နှစ်အတွင်း လူငယ်တွေဖြစ်ပြီး ဘာကြောင့်သေဆုံးလဲဆိုတာကို တိတိကျကျ မပြောနိုင်ဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူတွေဟာ ရိုဟင်ဂျာလူမျိုးတွေဖြစ်တယ်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

အဆိုပါသေဆုံးမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို လှည်းကူးမြို့နယ် ထွေအုပ်ရုံးကို ဒီဗွီဘီသတင်းဌာနက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ဇုန် ၁ အနီးမှာ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက ၁၂ ဘီးယာဉ် တစီးအတွင်းက ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှစ်ဦးနဲ့အတူ ရိုဟင်ဂျာ ၆၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ အောက်တိုဘာလလယ်တုန်းကလည်း လှည်းကူးမြို့ ဇီးရိုးမိုင်နဲ့ လှည်းကူးတာဆုံမှာ ရိုဟင်ဂျာ ၁၆ ဦးကို ဖမ်းဆီးမိခဲ့တာလည်း ရှိပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့လတွေကလည်း ရိုဟင်ဂျာ ၅၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်အသီးသီးရှိ တရားရုံးတွေမှာ လဝကဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up