ပွဲထွက်လူစာရင်းကို နိုင်ငံအသင်းအတွက်သာကြည့်ပြီး ရွေးမည်ဟု ပေါ်တူဂီနည်းပြဆန်းတို့စ်ပြော

ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ရှုံးထွက်ပွဲစဉ်အတွက် ပွဲထွက်ကစားသမားစာရင်းကို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်ပဲ ကြည့်ပြီးဆုံးဖြတ်ရွေးချယ်သွားမယ်လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို လူစားလဲခဲ့ပြီးနောက် နည်းပြဆန်းတို့စ်နဲ့ ရော်နယ်ဒိုတို့ ကြားမှာ အဖုအထစ်ရှိခဲ့ပါတယ်။
ဆွစ်ဇာလန်နဲ့ရှုံးထွက်ပွဲစဉ်မှာ ရော်နယ်ဒိုကို ပွဲထွက်မလားဆိုတာ မပြောနိုင်ကြောင်းနဲ့ အသင်းအဝတ်လဲခန်းထဲမှာပဲ ဘယ်သူတွေက ပွဲထွက်ခွင့်ရမယ်ဆိုတာ ပြောပြမှာဖြစ်ကြောင်း နည်းပြဆန်းတို့စ်က ပြောပါတယ်။
“ပွဲထွက်ကစားသင့်တဲ့ လူစာရင်းကိုပဲ ကျနော် ရွေးချယ်မှာပါ။ ပြီးတော့ တစ်စုံတစ်ယောက်အတွက် မဟုတ်ဘဲ ပေါ်တူဂီနဲ့ နိုင်ငံ့လက်ရွေးစင်အတွက်ပဲ ကြည့်ပြီး ရွေးချယ်မှာပါ။ ရော်နယ်ဒိုနဲ့ကိစ္စက အတွင်းထဲမှာ ဖြေရှင်းပြီးပါပြီ”လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။
စီရော်နယ်ဒိုကတော့ နည်းပြဆန်းတို့စ်နဲ့ စကားအချေအတင်ဖြစ်ခဲ့တာကို ငြင်းဆန်ထားပါတယ်။