နိုင်ငံအသင်းများနှင့် မပူးပေါင်းသည့် ပရီးမီးယားလိဂ်က ကစားသမား ၁၁ ဦးကို ဖီဖာက ၅ ရက်ပွဲပယ်ပြစ်ဒဏ်ချ

တောင်အမေရိကနိုင်ငံတွေက လက်ရွေးစင်ဘောလုံးအသင်းတွေနဲ့ မပူးပေါင်းခဲ့တဲ့ ပရီးမီးယား လိဂ်ကစားသမား ၁၁ ဦးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၅ ရက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လစ်ဗာပူး၊ ချဲလ်ဆီး ၊မန်ယူ၊ မန်စီးတီး၊ လိဒ်ယူနိုက်တက်၊ဝက်ဖို့ဒ်၊ ဝုဗ်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ကိုဗစ်-၁၉ ကူးစက်မှု အနီရောင်အဆင့် နိုင်ငံတွေကို ဖြတ်သန်းရမယ့်အခြေအနေကြောင့် သူတို့ရဲ့ကစားသမားတွေကို နိုင်ငံအသင်းတွေဆီ စေလွှတ်ပေးဖို့ ခွင့်မပြုခဲ့တာဖြစ်ပါတယ်။
အဲဒီကစားသမားတွေထဲမှာ ဘရာဇီးကစားသမားတွေဖြစ်ကြတဲ့ လစ်ဗာပူးက အလက်ဆန်၊ ဖာဘင်ညို၊ ဖေမီနို၊ ချဲလ်ဆီးက သီယာဂို ဆေးလ်ဗား၊ မန်စီးတီးက အီဒါဆန်၊ ဂျေးဆူ တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် မန်ယူကွင်းလယ်လူ ဖရက်ဒ်၊ လိဒ်ယူနိုက်တက်က ရာဖင်ဟာတို့လည်း ပါဝင်ပါတယ်။ တခြားနိုင်ငံက ကစားသမားတွေအနေနဲ့ ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်၊ နယူးကာဆယ်က ပါရာဂွေး ကွင်းလယ်လူ အယ်မာရွန်၊ ဝက်ဖို့ဒ်က ချီလီ နောက်ခံလူ ဆီယာရယ်တာ တို့ဟာလည်း ၅ ရက် ပွဲပယ်ခံရမယ့် ကစားသမားစာရင်းမှာပါဝင်ပါတယ်။
ဖီဖာရဲ့စည်းမျဉ်းထဲမှာ ကစားသမားတစ်ဦးအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းနဲ့ သဘော တူညီမှု မရဘဲ ကစားပေးဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ပွဲပယ်ချမှတ်ခံရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။