close

ရခိုင်ပြည်နယ်တွင် တနေ့ ၁၀ နာရီကြာ လျှပ်စစ်မီးပြတ်နေ

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ  လျှပ်စစ်မီး ၁ ရက်ကို ၁၀ နာရီကြာ ပြတ်နေတာကြောင့် စက်မှုလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ အခက်အခဲတွေ့ နေရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

အခုလို ၁၀နာရီလောက် ပြတ်နေတာကြောင့် လျှပ်စစ်မီးကို မှီခို လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း တွေ ထိခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်တွေမြို့မှ စက်မူလုပ်ငန်းရှင် တဦးက "လျှပ်စစ်မီး ပြတ်တာက အချိန်အတိအကျ မရှိဘူး။ ပြတ်ချင်တဲ့အချိန် ပြတ်တယ်။ တရက်နဲ့ တရက် အချိန်မတူဘူး။ လျှပ်စစ်မီး ပြတ်မယ့် အချိန်ကို မြို့နယ်အလိုက် တိတိကျကျ ထုတ်ပြန်ထားရမှာ။ ပြည်သူတွေလည်း ထမင်း၊ ဟင်းချက်ပြုတ်ရ တာ အတော်လေး ဒုက္ခဖြစ်နေ ကြတယ်။"လို့ ပြောပါတယ်။

မြို့နယ်အလိုက် လျှပ်စစ်ဌာနတွေက  မီးပြတ်မယ့် အချိန်တွေကို ထုတ်ပြန်ထားပေမဲ့ ထုတ်ပြန်ချက် အတိုင်း မီးပြတ်တာမဟုတ်ပါဘူး။

အခုလို မီးပြတ်ချိန် များလာတာကြောင့် ထင်းနဲ့ မီးသွေး အသုံးများလာတာနဲ့အညီ ဈေးတက်နေလို့ လက်လုပ်လက်စားတွေ အခက်ကြုံကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ တဦးက "မီးက အချိန်မမှန်တော့ ထင်းနဲ့ မီးသွေးကို အားကိုးပြီး ချက်ပြုတ်နေရတယ်။ စစ်တွေမှာ မီးသွေး တအိတ် ကျပ်  တသောင်းအထိ စျေး တက်သွားတယ်။ လက်လုပ်လက်စားတွေ အတော်ဒုက္ခရောက်နေတယ်။"လို့ ဆိုပါတယ်။

လတ်တလော စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို  ပုဏ္ဏားကျွန်းမြို့ ပင်မဓာတ်အားပေး စက်ရုံက လျှပ်စစ်မီး ဖြန့်ဖြူးပေးနေပြီး ကျန်မြို့နယ်တွေကိုတော့ အမ်းမြို့နယ် ဓာတ်အားလိုင်းက ဖြန့်ဖြူးပေးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up