close

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ပခုက္ကူမြို့နယ်တွင် တိုက်ပွဲဖြစ်

မကွေးတိုင်း၊  မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေ well 2 စခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ပူပေါင်း ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က ညနေပိုင်းက ကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့ကျော်တယ်။ စစ်မျက်နှာ လေးခုကနေ ဝိုင်းပြီး ပစ်ကြတာ။ သူတို့နေတဲ့ စခန်းထဲကို ပစ်ချကြတာပါ။ သူတို့ဘက်ကလည်း ဆက်တိုက် ပြန်ပစ်တယ်။ နာရီဝက်ကျော်လောက်ထိ ဆက်တိုက်ပြန်ပစ်တယ်။”

Well 2 စခန်းထဲကို ဒရုန်းနဲ့ အီနာဂါချ စတင်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက် လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က နာရီဝက်ကျော်ကြာ ပြန်လည်ပစ်ခတ်ပြီးနောက် ထပ်မံပစ်ခတ်ခြင်း မရှိတော့ဘဲ ထိခိုက်ကျဆုံးမှု အခြေအနေကိုလည်း မသိရသေးဘူးလို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြစ်ခြေ-ကျွန်းချောင်းကားလမ်း အိုင်ကြီးကျေးရွာနားမှာ မနေ့က  ညနေ ၄ နာရီလောက်မှာ ဆိက္ခဝ ကျေးရွာက ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ မိနစ်အနည်းငယ် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“ကျနော်တို့ဘက် ရဲဘော် ၄ ယောက် ဆိုင်ကယ် ၂ စီးနဲ့ လာတာကို သူတို့ဘက်က အရင် စပစ်တော့ ဆိုင်ကယ်ရပ်ပြီး ပြန်တိုက်တာမှာ တယောက် သေနတ်ကျည် ထိတယ်။ ကျန်သူတွေလည်း ထိခိုက်ဒဏ်ရာရတယ်။ ရဲဘော်တွေဘက်က အထိအခိုက်အကျအဆုံး မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”

အလားတူ မြိုင်မြို့နယ်မှာပဲ ဒီဇင်ဘာ ၁၇ ရက် မနက် ၇ နာရီခွဲလောက်မှာ သရက်ကန်ရွာက ဖောကားအပြာရောင်တစီးနဲ့ မြို့ပေါ်ကို စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ ယောက်လောက်ကို ဝက်ကျုံးရွာ ဆည်နားရောက်ချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်ပြောင်း ၁၅ လုံးလောက်နဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က ပစ်ခတ်လို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားကာ ပေပါမိုင်းနဲ့ ထပ်မံတိုက်ခိုက်လိုက်လို့ ကားမောင်းလို့မရတော့ဘဲ ထိခိုက်သွားသူတွေကိုတော့ စစ်ကူလာတဲ့ ကားတစီးနဲ့ သယ်သွားတယ်လို့ ဆိုပါတယ်။

အလားတူ မောင်းလို့မရတဲ့ ဖောကားကိုလည်း စစ်ကူလာတဲ့ကားနဲ့ ဆွဲသွားပြီး မြိုင်မြို့ အထက(၁) မှာ ထားရှိတယ်လို့ သိရပြီး ထိခိုက်ကျဆုံး အရေအတွက်ကို အတိအကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up