ထိုင်းအမျိုးသမီး ရဲမှူးကြီးနှင့် အပေါင်းပါ ၈ ဦး ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံရ

ထိုင်းအစိုးရရဲ့ နိုင်ငံခြားသားလုပ်ငန်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းအမျိုးသမီး ရဲမှူးကြီး ဝမ်းထနားရီး ကွန်းချယားနန်းနဲ့ ဝန်ထမ်းတွေ အပါအဝင် ၈ ဦးတို့ကို ငွေကြေးခဝါချမှုနဲ့ ဘန် ကောက် နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက် ညပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
ရဲမှူးကြီး ဝမ်းထနားရီး ကွန်းချယားနန်းဟာ ဥပဒေမဲ့လုပ်ငန်းတွေ လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းရှင် တုဟောင်(ခ)နိုင်းချိုင်းယားနတ် ကွန်းချယာားနန်းရဲ့ တရားဝင်လက်ထပ်ထားတဲ့ ဇနီးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ဘန်ကောက် ယန်နာဝါနယ်မြေရှိ ကျင့်လိန်ကေတီဗွီကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ၂၈၀ ကျော် ဝင်ရောက်ပျော်ပါးပြီး မူးယစ်ဆေးဝါး သုံးစွဲတာ၊ လောင်းကစားနေတာတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
စစ်ဆေးချက်အရ အဆိုပါ ကျင့်လိန်ကေတီဗွီပိုင်ရှင်မှာ တုဟောင်(ခ)နိုင်းချိုင်းယားနတ် ဆိုသူ တရုတ်လုပ်ငန်းရှင် ၁ ဦးဖြစ်ပြီး သူ့မှာ ဘတ်သန်းပေါင်း ထောင်နဲ့ချီတဲ့ ဟိုတယ်လုပ်ငန်း၊ အဝေးပြေးခရီးသည်တင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေပါ လုပ်ကိုင်နေကြောင်း၊ ဒါ့အပြင် တရုတ်နိုင်ငံသားတွေ ထိုင်းမှာ နှစ်ရှည်လများ နေထိုင်နိုင်ဖို့ ဗီဇာအတု ထုတ်ပေးတာတွေ တသီတတန်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားသားတယောက်အနေနဲ့ ထိုင်းနိုင်ငံထဲမှာ ခုလို နှစ်ရှည်လများနေထိုင်ပြီး ဥပဒေမဲ့လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေနိုင်တာဟာ ထိုင်းအစိုးရဝန်ထမ်းတွေ အထူးသဖြင့် ထိုင်း လ.ဝ.က ရဲတပ်ဖွဲ့ ရာထူးကြီးဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ မသမာမှုတွေ လျစ်လျူရှုထားမှုကြောင့် ဖြစ်ကြောင်း၊ သူ့ဆီမှာ ခိုင်လုံတဲ့အထောက်အထားတွေရှိကြောင်း ထိုင်းပြည်သူ့လွှတ်တော် အမတ်ဟောင်း နိုင်းချူဝစ် ကမွန်းဝိဆစ်က သတင်းစာရှင်းလင်းခဲ့ပါတယ်။
ကျင့်လိန်ကေတီဗွီ ဝင်ရောက်စီးနင်းခံရတဲ့နောက်ပိုင်း အရေးကြီးတဲ့တရားခံတွေ၊ အမှုနဲ့ ပါဝင်ပတ်သက်တဲ့ မော်တော်ကားတွေကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တချို့က အခကြေးငွေ ဘတ်သန်းနဲ့ချီယူပြီး လွှတ်ပေးခဲ့တာ၊ တုဟောင်ရဲ့ အမှုအစီရင်ခံစာကိုလည်း အမှုကနေ ပေါ့လျော့အောင် တည်ဆောက်ရေးသားခဲ့တာတွေကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်သူတွေကို ဖမ်းဆီးအရေးယူဖို့ ဖိအားပေးခဲ့ပါတယ်။
ဒါကြောင့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ရဲမှူးကြီးအဆင့်ရှိ တုဟောင်ရဲ့ဇနီး ဝမ်းထနားရီးနဲ့တကွ ရဲဝန်ထမ်းတွေပါ ပါတဲ့အပေါင်းအပါ ၁၅ ဦးကို ငွေကြေးခဝါချမှုနဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
နန်းဝမ်းထနားရီးကတော့ အချုပ်ခန်းမှာ နှစ်ညအိပ်ပြီး မနေ့က ဘတ်ငွေ ၂ သန်းနဲ့ အာမခံရကာ ပြန်ထွက်လာပေမဲ့ ဒီအတောတွင်း နိုင်ငံခြားထွက်ခွာခြင်းမပြုရဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုး ထားရပါတယ်။
ဒါ့အပြင် တုဟောင်ရဲ့ အမှုဟာ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပါ ဆက်စပ်နေတာကြောင့် တရားရေး ဌာနက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်နေကြောင်း မနေ့က တရားရေးဌာနက သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ်ဟောင်း နိုင်းချူဝစ်က တိုင်းပြည်မှာ ဒီလိုဖြစ်နေတာကို ဘာတခွန်းမှ ဝန်မပြောတဲ့ ဝန်ကြီးချုပ်ပရယုဒ်ကျန်အိုးချားကိုလည်း မီးနဲ့ထိပေမဲ့ ပူရမှန်းမသိတဲ့ရွှေလို နေနိုင်သူလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ကိုးကား - MGR Online/ PPTV