close

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မျက်စိတိမ်စွဲရောဂါ ဆိုးရွားနေသော်လည်း ဆေးကုခွင့်မရ

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ ဘယ်ဘက်မျက်စိ တိမ်စွဲနေတာကြောင့် အမြင်အာရုံတွေ မမြင်ရတော့ဘဲ ဆေးကုသမှုခံယူဖို့ စစ်တွေအကျဉ်းထောင် အာဏာပိုင်တွေထံ တောင်းဆိုထားပေမဲ့ ဆေးကုသခွင့် မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ မျက်စိတိမ်စွဲနေတဲ့ရောဂါ ပိုမိုဆိုးရွားလာနေပြီး မျက်စိမမြင်ရတဲ့အခြေအနေတွေ ဖြစ်လာတာကြောင့် ဝန်ကြီးချုပ်ကိုယ်တိုင် ဆေးကုခွင့်ရဖို့ တောင်းဆိုထားတာပါ။

ဦးညီပုရဲ့ သမီးဖြစ်သူ မကြည်ကြည်ဦးက “အဖေရဲ့ မျက်စိတိမ်စွဲနေတဲ့ရောဂါက မတိုးတက်ဘူးလို့ သိရတယ်။ အဖေကတော့ ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်ရဖို့ တင်ပြထားတယ်လို့ သိရတယ်။ ခွင့်ပြုပေးတာတော့ မရှိသေးဘူး။ ထောင်ကတော့ မျက်စိမှာထည့်တဲ့ ဆေးရည်တွေ ပေးထားတယ်လို့တော့ သိရတယ်။ မျက်စိဆိုတာ လူတယောက်ရဲ့ အမြင်အာရုံအတွက် တော်တော်လေး အရေးကြီးတာကြောင့် ဆေးကုသခွင့် ပြုပေးစေချင်တယ်။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ၂၀၁၈ ခုနှစ်ကတည်းက တိမ်စွဲတဲ့ရောဂါ ဖြစ်နေတာဖြစ်ပြီး အလုပ်မအားတာကြောင့် ခွဲစိတ်ကုသမှုတွေ မပြုလုပ်ခဲ့ရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးကာ နိုင်ငံတော်ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အန်အယ်လ်ဒီ အရပ်သားအစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် နောက်ထပ် ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးမင်းအောင်၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်၊ ဦးကျော်အေးသိန်း တို့ကို စစ်ကောင်စီက ဖမ်းဆီးကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မတွေ အပါအဝင် ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up