ဘရားဇီး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်

ကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ ဘရားဇီး ဂန္ထဝင်ဘောလုံးကစားသမားကြီး ပီလီ အသက် ၈၂ နှစ်ဟာ ဒီဇင်ဘာ ၂၉ ရက်က အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာထားပါတယ်။
ပီလီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက အူမကြီးကင်ဆာကို ခံစားနေရပြီး နိုဝင်ဘာ ၂၉ ရက်မှာ ဆေးရုံတင်ခဲ့ရကာ ကင်ဆာရောဂါဟာ အဆင့်ပိုမြင့်လာလို့ ကျောက်ကပ်နဲ့ နှလုံးဆိုင်ရာ ချို့ယွင်းမှုနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဆေးရုံက မကြာသေးခင်ကမှ ထုတ်ပြန်ခဲ့ပါတယ်။
ပီလီဟာ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလားတွေကို ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီးဖြစ်ပါတယ်။
ကစားသမားသက်တမ်း ၂၁ နှစ်အတွင်း ပွဲပေါင်း ၁၃၆၃ ပွဲကစားပြီး ၁၂၈၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ၉၂ ပွဲကစား ၇၇ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဖီဖာရဲ့ ရာစုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။