close

ပီလီ

close

January 2, 2023

ကွယ်လွန်သူ ဘရာဇီးဂန္ထဝင် ပီလီအတွက် ပရီးမီးယားလိဂ် ကစားသမားများ ဂုဏ်ပြု

အင်္ဂလန်ပရီးယားလိဂ် ကစားသမားတွေဟာ ဒီဇင်ဘာ ၃၀ ရက်က ပွဲယှဉ်ပြိုင်ကစားမှု မစတင်ခင် မကြာသေးမီကမှ ကွယ်လွန်ခဲ့တဲ့ ဘရာဇီး ဂန္ထဝင်ကစားသမားကြီး ပီလီအတွက် တမိနစ်တိတိ လက်ခုပ်တီး သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး ဘောလုံးသူရဲကောင်းတွေထဲက တဦးဖြစ်တဲ့ ပီလီအတွက် အားကစားလောကထဲက တခြားသူတွေနဲ့အတူ ပရီးမီးယားလိဂ်ကစားသမားတွေကလည်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြတာပါ။

ဒီ ဂန္ထဝင်ဘောလုံးကစားသမားကြီးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုရင်း အခုလို နှုတ်ဆက်ပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားရရှိမှု အပါအဝင် ကမ္ဘာ့ဖလား ၃ ကြိမ်အထိ မကြုံစဘူး ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရားဇီး ကစားသမားဟောင်းကြီးဟာ ကစားသမား ဘဝမှာလည်း ဂိုးပေါင်းများစွာ သွင်းယူနိုင်ခဲ့သူပါ။

အသက် ၈၂ နှစ်အရွယ် ပီလီဟာ ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း “ဒီနေ့မှာ ဇူးရစ်မြို့က ဖီဖာရုံးချုပ်မှာရှိတဲ့ အလံတွေကို ထာဝရဘုရင်ကြီး ပီလီအပေါ် အောက်မေ့သောအားဖြင့် တိုင်တဝက်သာ လွှင့်ထူထားပါတယ်” လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

1 day Ago

December 30, 2022

ဘရာဇီးဂန္ထဝင် ပီလီကွယ်လွန်သည့်အပေါ် ကမ္ဘာ့အားကစားအသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း ဖော်ပြ

ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီကွယ်လွန်သွားခဲ့တဲ့အပေါ် ကမ္ဘာ့အားကစားအသိုင်းအဝိုင်းက ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆု သုံးကြိမ်အထိ စံချိန်တင်ရယူနိုင်ခဲ့တဲ့ ပီလီဟာ အသက် ၈၂ နှစ်အရွယ်မှာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဘောလုံသမိုင်း တစ်လျှောက် အကြီးကျယ်အခမ်းနားဆုံး ကစားသမားလို့ ညွှန်းဆိုခံရတဲ့ ပီလီကွယ်လွန်သွားတဲ့အပေါ် အားကစားအသိုင်းအဝိုင်းက ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းနဲ့ ချန်ပီယံရှစ်ပွဲစဉ်တွေမှာ ပီလီအတွက် တစ်မိနစ်ငြိမ်သက်ပြီး ဆုတောင်းခဲ့ကြသလို အမေရိကန်သမ္မတဟောင်းအိုဘားမားနဲ့ ဘောလုံးလောကသားတွေအားလုံးကလည်း ဝမ်းနည်းကြေကွဲ ကြောင်းဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

တာတိုအပြေးချန်ပီယံ အူစိန်ဘော့ကတော့ ပီလီကို အားကစားသူရဲကောင်းလို့ ဂုဏ်ပြုခဲ့ပြီး ဘောလုံးကလပ်အသင်းတွေနဲ့ အဖွဲ့ချုပ်တွေဟာလည်း ပီလီအတွက် ကြေကွဲဝမ်းနည်းကြောင်းပြသရင်း ဂုဏ်ပြုဆုတောင်းပေးခဲ့ကြပါတယ်။

ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီဟာ ဒီဇင်ဘာ ၂၉ ရက်က ဆာအိုပေါ်လိုမြို့ရှိ ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်။

၁၉၄၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်မှာမွေးဖွားခဲ့တဲ့ ပီလီဟာ ကွယ်လွန်ချိန်မှာ အသက်၈၂နှစ်ရှိပါပြီ။ ကျောက်ကပ်ရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကွယ်လွန်ချိန်မှာတော့ အူမကြီးကင်ဆာရောဂါနဲ့ နောက်ဆက်တွဲချို့ယွင်းချက်တွေကြောင့်ဖြစ်ပါတယ်။ 

ပီလီဟာ ၁၉၇၇ ခုနှစ်ကတည်းက သူ့ရဲ့ညာဘက် ကျောက်ကပ်ကိုခွဲစိတ်ဖယ်ရှားခဲ့ရကြောင်း သတင်း ထွက်ပေါ်ခဲ့တယ်။

၂၀၁၂ ခုနှစ်မှာ တင်ပါးဆုံရိုးခွဲစိတ်မှု ခံယူခဲ့ရပြီး ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရတယ်။ ဆီးလမ်းကြောင်းမှာပိုးဝင်မှုတွေကြောင့် ၂၀၁၉ ခုနှစ်မှာ ကျောက်ကပ်ခွဲစိတ်မှု ထပ်မံပြုလုပ်ခဲ့ရတယ်။

၂၀၂၁ ခုနှစ်မှာ အူမကြီး ညာဘက်ခြမ်းရှိ အကြိတ်တစ်ခုကိုခွဲစိတ်ဖယ်ရှားခဲ့ ရတယ်။ အဲဒီနောက် အူမကြီးကင် ဆာရောဂါကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ဓာတုကုထုံးနဲ့ ဆက်လက်ကုသခဲ့ရတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထိ အခြေအနေကောင်းမွန်ကြောင်း သမီးဖြစ်သူ ကယ်လီကသတင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကျောက်ကပ်နဲ့ အူမကြီးကင်ဆာရောဂါတွေပြင် နှလုံးရောဂါလည်းရှိခဲ့ပြီး အဲဒီရောဂါတွေရဲ့ နောက် ဆက်တွဲပြဿနာတွေကြောင့် ဒီဇင်ဘာလ ၂၉ရက်မှာ ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။

ပီလီဟာ ကစားသမားဘဝသက်တမ်း ၂၁ နှစ်အတွင်းမှာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက် စုစုပေါင်း ၁၃၆၃ပွဲ ကစားခဲ့ရာမှာ ၁၂၈၁ ဂိုးအထိသွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ခဲ့တယ်။ 

ဘရာဇီးအသင်းအတွက် စုစုပေါင်း ၉၂ ပွဲမှာ ၇၇ ဂိုးသွင်းခဲ့ပြီး နေမာနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့တယ်။ ဘရာဇီးနဲ့အတူ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နဲ့  ၁၉၇၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်မှာချန်ပီယံဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံ၃ကြိမ်ရရှိ တဲ့ တစ်ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။ 

ပီလီဟာ ကစားသမားဘဝကို ဘရာဇီးထိပ်တန်းကလပ် ဆန်းတို့စ်အသင်းမှာ အသက် ၁၅ နှစ် ကတည်းက ကစားခွင့်ရခဲ့ပြီး  ၁၉ နှစ်ကျော်ကစားခဲ့ရာမှာ ၆၄၃ ဂိုးအထိသွင်းယူခဲ့တယ်။

ခြေစမ်းပွဲတွေမှာသွင်းခဲ့တဲ့ ဂိုးတွေပါပေါင်းမယ်ဆိုရင် ဂိုး၁၀၀၀ ကျော်မယ်လို့ ဆန်းတို့စ်အသင်းက ခန့်မှန်းပြောဆို ထားတယ်။

ဆန်းတို့စ်အသင်းနဲ့အတူ လိဂ်ချန်ပီယံ ၆ ကြိမ်၊ ကိုပါအမေရိကချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး တခြားရှုံးထွက်ဖလားအများအပြားကိုလည်း ရယူနိုင်ခဲ့တယ်။

၁၉၇၅ ခုနှစ်မှာ အမေရိကန်ကလပ် နယူးယော့ခ်ကော့စ်မို့စ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး  ၂ နှစ်ကြာက စားခဲ့ပြီး ကစားသမားဘဝကနေအနားယူခဲ့တာဖြစ်ပါတယ်။

ပီလီဟာ ၁၉၆၆၊ ၁၉၉၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ  အမျိုးသမီးသုံးယောက်နဲ့ တရားဝင်လက်ထပ်ခဲ့ပြီး သားသမီး ၇ ဦးရှိခဲ့ပါတယ်။  နိုင်ငံနဲ့ကလပ်အသင်းတွေမှာ အောင်မြင်မှုဆုဖလားတွေ အများအပြားရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ နိုင်ငံတကာ ဘောလုံးစာရင်း အချက်အလက်အဖွဲ့တွေက ရာစုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။

4 days Ago

ဘရားဇီး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်

ကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ ဘရားဇီး ဂန္ထဝင်ဘောလုံးကစားသမားကြီး ပီလီ အသက် ၈၂ နှစ်ဟာ ဒီဇင်ဘာ ၂၉ ရက်က အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့  ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာထားပါတယ်။

ပီလီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက အူမကြီးကင်ဆာကို ခံစားနေရပြီး နိုဝင်ဘာ ၂၉ ရက်မှာ ဆေးရုံတင်ခဲ့ရကာ ကင်ဆာရောဂါဟာ အဆင့်ပိုမြင့်လာလို့ ကျောက်ကပ်နဲ့ နှလုံးဆိုင်ရာ ချို့ယွင်းမှုနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဆေးရုံက မကြာသေးခင်ကမှ ထုတ်ပြန်ခဲ့ပါတယ်။

ပီလီဟာ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလားတွေကို ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့  ဂန္ထဝင်ကစားသမားဟောင်းကြီးဖြစ်ပါတယ်။

ကစားသမားသက်တမ်း ၂၁ နှစ်အတွင်း ပွဲပေါင်း ၁၃၆၃ ပွဲကစားပြီး ၁၂၈၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ၉၂ ပွဲကစား ၇၇ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဖီဖာရဲ့ ရာစုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

5 days Ago
Up