မာဗယ်သရုပ်ဆောင် ဂျရမီရန်နာ မတော်တဆဖြစ်ပြီး ဒဏ်ရာစိုးရိမ်ရ

မာဗယ်သရုပ်ဆောင်အဖြစ် လူသိများတဲ့ အော်စကာဆန်ခါတင်စာရင်းဝင် ဂျရမီရန်နာဟာ နှင်းတွေကို ရှင်းလင်းနေစဉ်အတွင်း မတော်တဆ ဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိပေမဲ့ တည်ငြိမ်နေတယ်ဆိုပြီး ဒီဇင်ဘာ ၂ ရက်က ဖျော်ဖြေရေးမဂ္ဂဇင်းတခုဖြစ်တဲ့ ဗရိုက်တီမှာ ဖော်ပြထားပါတယ်။
နီဗားဒါးပြည်နယ်မြောက်ပိုင်းဒေသမှာ နှစ်သစ်ကူးအကြိုကာလတုန်းက နှင်းထူထပ်စွာ ကျဆင်းခဲ့စဉ် အသက် ၅၁ နှစ်အရွယ် ရန်နာဟာ နီဗားဒါးပြည်နယ် ဝါးရှိုးကောင်တီရှိ အိမ်မှာ နှင်းတွေရှင်းရင်း မတော်တဆဖြစ်ခဲ့တာပါ။
ဒီမတော်တဆမှုကြောင့် ရန်နာအနေနဲ့ ရင်ဘတ်ဒဏ်ရာ ရရှိခဲ့ကာ ပြင်းထန်တဲ့ ဒဏ်ရာကိုတော့ ဒုတိယအကြိမ် ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ CNN သတင်းဌာနက ဆိုပါတယ်။
ရန်နာဟာ မာဗယ်ရဲ့ ရုပ်ရှင်ပရောဂျက် တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး Avenger ဇာတ်ကောင် အပါအဝင် Mission Impossible ရုပ်ရှင် ၂ ကားနဲ့အတူ Arrival၊ American Hustle၊ 28 Weeks Later စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ဖူးသူတဦး ဖြစ်ပါတယ်။
The Hurt Locker ရုပ်ရှင်နဲ့ ၂၀၀၈ ခုနှစ်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့ဖူးတဲ့ ရန်နာဟာ အော်စကာဆုနဲ့ ပတ်သက်ရင်တော့ The Town ရုပ်ရှင်နဲ့အတူ ဆန်ကာတင်စာရင်း ၂ ကြိမ် လျာထားခံခဲ့ရဖူးပါတယ်။
ဒီလထဲမှာ ဒုတိယမြောက်ဇာတ်လမ်းတွဲ ထွက်ရှိလာတဲ့ Mayor of Kingstown စီးရီးမှာ ရန်နာက လက်ရှိ ပါဝင်သရုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။