ကားဈေးနှုန်း လျှော့ချလိုက်သဖြင့် တက်စ်စလာကုမ္ပဏီကို တရုတ်နိုင်ငံသားများ ဆန္ဒပြ

အမေရိကန် ကားထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ တက်စ်စလာဟာ သုံးလမပြည့်ခင်မှာပဲ ကားဈေးနှုန်းတွေကို ဒုတိယအကြိမ် လျှော့ချခဲ့တာကြောင့် တရုတ်နိုင်ငံက ဆန္ဒပြသူတွေဟာ ဇန်နဝါရီလ ၆ ရက်က ချန်ဒူးမြို့ရှိ တက်စ်စလာအရောင်းနေရာကို ရောက်ရှိလာကြပါတယ်။
ဗီဒီယိုထဲမှာတော့ ဆိုင်အပြင်မှာ အော်ဟစ်နေကြတဲ့ လူအုပ်ကြီးကို တွေ့ရသလို တရုတ်နိုင်ငံက တက်စ်စလာကား ပိုင်ရှင်တချို့က လတ်တလောလပိုင်းကမှ ကားမှာယူခဲ့ပေမယ့် သူတို့ကတော့ လျှော့ဈေး မရတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ဒေါသတကြီး ဆန္ဒထုတ်ဖော်နေကြတာပါ။
ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံတွေမှာ တက်စ်စလာရဲ့ အရောင်းရဆုံး မော်ဒယ်-Y နဲ့ မော်ဒယ်-3 လျှပ်စစ်ကားတွေကို ဈေးလျှော့ချခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ရှန်ဟိုင်းမှာရှိတဲ့ တခုတည်းသော အကြီးမားဆုံး ထုတ်လုပ်ရေးစက်ရုံက ထွက်ရှိလာတဲ့ လျှပ်စစ်ကားတွေကို ဝယ်လိုအား မြှင့်တင်ဖို့ လှုံ့ဆော် ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဒီအစီအစဉ်ကို တိုက်ရိုက် သိရှိသူတစ်ဦးက ပြောဆိုပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်က လျှပ်စစ်ကား တင်ပို့မှု ရည်မှန်းချက် မပြည့်မှီခဲ့တဲ့နောက်ပိုင်း တက်စ်စလာ ကုမ္ပဏီရဲ့ အဓိကစိန်ခေါ်မှုတွေဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်တွေနဲ့ ပို့ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ်နိုင်ဖို့အတွက် အာရှတိုက်နဲ့တရုတ်နိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိ တွမ်ကျူးကို ခန့်အပ်ပြီးနောက်ပိုင်း ပထမဆုံး အဓိက လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။