close

မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့် မူးယစ်သယ်အဖွဲ့ပစ်ခတ်မှုဖြစ်ပြီး ၆ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ်၊ မွမ့်ပင်အုပ်စုမှာ ဇန်နဝါရီ ၉ ရက် မနက်စောစောက မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်မှောင်ခိုအဖွဲ့ဝင် အလောင်း ၆ လောင်းနဲ့ ခေတာမင်းမူးယစ်ဆေး ကီလို ၃၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မနေ့မနက် ၃ နာရီခွဲလောက်က ထိုင်း အမှတ် ၃ ကွန်မန်ဒိုတပ်ဖွဲ့နဲ့ အမှတ် ၄ နယ်ခြားစောင့် တပ်တွေပူးပေါင်းပြီး နယ်မြေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေစဉ် မွမ့်ပင်ကျေးရွာ အုပ်စုဘန့်ပါကွေ့ကျေးရွာအနီး တောထဲကနေ ကျောပိုးအိတ်တွေနဲ့ ဝင်ရောက်လာတဲ့ လူ ၂၀ ကျော် တွေ့ရှိကြောင်း ၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်တံ့ဖို့ အမိန့်ပေးစဉ် တဘက်က သေနတ်နဲ့ စတင် ပစ်ခတ်တဲ့အတွက် နှစ်ဘက် ၅ မိနစ်ကျော် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သံတွေငြိမ်သက်သွားပေမယ့် အချိန်ကမှောင်နေဆဲမို့ ချက်ချင်းနယ်မြေရှင်းလင်းရေး မ လုပ်နိုင်ကြောင်း ၊ ဒါပေမဲ့ အဆိုပါနေရာတဝိုက်ကို ထိုင်းစစ်တပ်က ဝိုင်းထားပြီး မနက် ၅ နာရီ လောက်မှာ သွားရောက်စစ်ဆေးရာမှာ မူးယစ်ဆေးသယ်ဆောင်သူဘက်က အလောင်း ၆ လောင်း၊ လက်ဖက်ခြောက်ထုတ်ဘမ်းပြ ခေတာမင်းမူးယစ်ဆေးတွေထည့်ထားတဲ့ ကျောပိုးအိတ် ၁၉ လုံး၊ ပြောင်းရှည်သေနတ် ၃ လက်နဲ့ တယ်လီဖုံး ၄ လုံးကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ခေတာမင်းမူးယစ်ဆေး စုစုပေါင်းအလေးချိန် ၃၀၀ ကီလိုဂရမ်ကျော်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။ 

တာဝန်ရှိသူတွေက နယ်မြေဝင်ရောက်ရှင်းလင်းစဉ် မူးယစ်သယ်ဆောင်တဲ့အဖွဲ့က သူတို့ပစ္စည်းတွေ ပြန်ယူဖို့ကြိုးစားတဲ့အနေနဲ့ ဒုတိယအကြိမ်ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ထိုင်းစစ်တပ်ဘက်က ပြန် ပစ်တာကြောင့် နယ်စပ်တောထဲကို ပြန်ဝင်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်ပွါးတဲ့နေရာဟာ မြန်မာဘက်ခြမ်း မိုင်းဆတ်ခရိုင်နဲ့ မျက်နှာချင်းဆိုင် နယ်စပ်နဲ့ ၂ ကီလိုမီတာသာ ကွာဝေးတယ်လို့ ဆိုပါတယ်။

Ref-SiamRath

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up