ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းစစ်တပ်ပစ်ခတ်မှုဖြစ်ပြီး ၁၅ ဦး သေဆုံး

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ ဒီဇင်ဘာ ၇ ရက် ညက မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွါးပြီး မူးယစ်မှောင်ခိုးသမား အလောင်း ၁၅ လောင်းနဲ့ အိုက်စ်မူးယစ်ဆေးပါ အိတ်ပေါင်း ၂၉ အိတ် သိမ်းဆည်းရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် တပ်မ ၃ လက်အောက်ခံ အမှတ် ၃၂၀၇ ရိန်းဂျားတပ်ဖွဲ့ဟာ မနေ့ညက နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် မွမ့်ပင်ကျေးရွာအုပ်စု ပါခါးနဲ့ ခွပ်တန့် ကျေးရွာကြား နယ်စပ်တောလှမ်းဘက်ကနေ ဝင်ရောက်လာသူ အယောက် ၂၀ လောက်ကို လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းဖို့အတွက် တာဝန်ရှိသူဘက်က လူယောင်ထွက်ပြပြီး ရပ်တန့်ခိုင်းရာမှာ တဘက်က စတင်ပစ်ခတ်လာလို့ ထိုင်းစစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ပြီး ၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ နယ်မြေခံစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်သံတွေငြိမ်သွားတော့ အချင်းချင်းပြန်လည်စစ်ဆေးရာမှာ ထိုင်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနဲ့ ဒီကနေ့မနက်စောစော အဲဒီနေရာအနီးတဝိုက်ကို နယ်မြေ ဝင်ရောက်ရှင်းလင်းရာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အလောင်း ၁၅ လောင်း၊ အိုက်စ်မူးယစ်ဆေးပါ အိတ်ပေါင်း ၂၉ အိတ်၊ ပြောင်းရှည်သေနတ် ၁ လက်နဲ့ အမျိုး အစားမသိ ဗုံး ၁ လုံးကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ ဒီနေ့မနက် ၁၀ နာရီထိ အဆိုပါနေရာအနီးတဝိုက်ကို ဆက်လက် စစ်ဆေးရှင်းလင်းနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဖှန်မြို့နယ် မွမ့်ပင်အုပ်စုထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ညကလည်း နယ်စပ်ကနေ အိတ်တွေသယ်လာတဲ့ လူ ၁၅ ယောက်၊ အယောက် ၂၀ လောက် တွေ့ခဲ့ပြီး ထိုင်းတာန်ရှိသူတွေကိုတွေ့တော့ အိတ်တွေပစ်ထားခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားကာ ကျန်ခဲ့တဲ့ အိတ်ပေါင်း ၁၈ အိတ်ထဲမှာ အိုက်စ်မူးယစ်ဆေး အလေးချိန် ၂၁၄ ကီလိုဂရမ် သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုဖြစ်ပွါးခဲ့တဲ့ မွမ့်ပင်ကျေးရွာအုပ်စု ဖှန်မြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်း ဆတ်ခရိုင်နဲ့ ကပ်လျက်တည်ရှိပါတယ်။
Ref- Photo MGR Online/ChiangMaiNews