close

ကရင်ပြည်နယ်တွင် စစ်ကောင်စီ တင့်ကား ၂ စီး ဒရုန်းဖြင့်တိုက်ခိုက်ခံရ (ရုပ်သံ)

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်တနေရာက ဒရုန်းစစ်ဆင်ရေး မှတ်တမ်းရုပ်သံဖိုင်တခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်လိုက်ပြီး အဆိုပါစစ်ဆင်ရေးအတွင်း စစ်ကောင်စီတင့်ကား ၂ စီး ထိခိုက်ခဲ့ကာ တစီးကတော့ ပြန်သုံးလို့မရတဲ့အထိ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီလောက်က ပြုလုပ်ခဲ့တဲ့ အဲဒီ ဒရုန်းစစ်ဆင်ရေးမှာ ရန်သူ့တပ်သား ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် Federal Wings ​ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေးမစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြကာ နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up