ချင်းမိုင်တွင် ဖောင်ဒေးရှင်းအယောင်ပြ ဗီဇာအတုလုပ်သည့်နေရာ ၄ ခုကို ဖမ်းဆီးအရေးယူ

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့နဲ့ အနီးတဝိုက်မှာ ဖောင်ဒေးရှင်းအယောင်ပြဖွင့်လှစ်ပြီး အကြံအဖန်ဗီဇာလုပ်နေတဲ့ နေရာ ၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေးအရေးယူခဲ့ပါတယ်။
နိုင်ငံခြားသား အထူးသဖြင့် တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲမှာ အယောင်ပြဗီဇာအမျိုးမျိုးနဲ့ ဝင်ရောက်နေထိုင်ပြီး တရားမဝင်လုပ်ငန်းတွေ ဝင်ရောက်နေကြောင်း ထိုင်းလွှတ်တော်အမတ် ဟောင်း နိုင်းချူဝစ် ကမွန်ဝိဆစ်က သတင်းစာရှင်းပွဲမှာထောက်ပြခဲ့ပြီးနောက် တာဝန်ရှိသူတွေက သံသယရှိ ဖောင်ဒေးရှင်းတွေကို လိုက်လံစစ်ဆေးနေတာပါ။
ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှာလည်း တရုတ်နိုင်ငံသား ၁ စုက နေထိုင်ခွင့်ဗီဇာလာ တောင်းထားတဲ့အပေါ် သံသယရှိပြီး ဖောင်ဒေးရှင်းတည်ရာ ချင်းမိုင်ခရိုင် ချင်းမိုင်မြို့၊ ဆန်ဆိုင်းမြို့ နဲ့ ဆာရဖီးမြို့နယ်ထဲက ရုံးခန်း ၄ ခုကို ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်တွေမှာ သွားရောက်စစ်ဆေး ခဲ့တယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
နေထိုင်ခွင့်ဗီဇာ ၁ ကြိမ်လျှင် ၁ နှစ်သက်တမ်းတိုးခွင့်လျှောက်ထားသူတွေဟာ အဆိုပါဖောင်ဒေး ရှင်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်ကိုင်သူ၊ ပညာသင်ကျောင်းသားတွေဖြစ်တယ်လို့ ဖော်ပြထားပေ မယ့်လည်း အုပ်ချုပ်ရေးဌာနတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အပြင်မှာ ဖောင်ဒေးရှင်း ဆိုင်းဘုတ် တပ်ထားပေမယ့် အထဲမှာ ရုံးခန်းပုံစံမဟုတ်ဘဲ အခန်းလွတ်သာရှိကြောင်း၊ အချို့ နေရာမှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ခြံဟောင်းကြီးပဲတွေ့ကြောင်း ချင်းမိုင်လက်ထောက်ခရိုင်ဝန် နိုင်းဝမ်းဝုဒ် ဖိန့်နေက သတင်းထောက်ကို ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အိမ်နီးနားချင်းတွေကို မေးမြန်းရာမှာလည်း အဆိုပါနေအိမ်မှာ ဖောင် ဒေးရှင်းဆိုင်းဘုတ်ချိတ်ထားပေမယ့် ဘာအလုပ်နဲ့ ပတ်သက်လဲမသိရကြောင်း၊ ကြာကြာမှတခါ လူတွေအစည်းအဝေးလာလုပ်ကြောင်း၊ ရပ်ကွက်က ဖိတ်ကြားတဲ့အစည်းအဝေးတွေလည်း လာ တက်လေ့မရှိ၊ ရပ်ရေးရွာရေးမှာလည်း ပူးပေါင်းပါဝင်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် လဝကရုံးကို တင်ပြရတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ထောက်ခံစာမှာ လက်ထောက်ခရိုင်ဝန်ရဲ့ လက်မှတ်အတုကို ထိုးထားကြောင်း၊ သူတို့ကိုထောက်ခံပေးတဲ့ လူပုဂ္ဂိုလ်မှာလည်း ဖောင်ဒေးရှင်း ၄ ခုလုံး တူညီနေတာကို သံသယဖြစ်ဘွယ်တွေ့ရတယ်လို့ ဆိုပါတယ်။
စာရွက်စာတမ်းတွေစစ်ဆေးရာမှာ နှစ်ချုပ်လုပ်ငန်းအစီရင်ခံစာ၊ ဝင်ငွေထွက်ငွေစာရင်းတွေလည်း မပြနိုင်ကြောင်း၊ ဖောင်ဒေးရှင်းနာယက၊ ဥက္ကဋ္ဌတွေရဲ့ အမည်ကတော့ ထိုင်းလူမျိုးတွေဖြစ်ပြီး လောလောဆယ် ဖောင်ဒေးရှင်းတာဝန်ခံ ၃ ဦးကို ခေါ်ယူစစ်ဆေးနေကြောင်၊ ဥပဒေနဲ့မညီ ညွတ်ကြောင်း ပြစ်မှုထင်ရှားက ထောင် ၇ နှစ်ထိ ကျခံရမယ့်အပြင် စာရွက်စာတမ်းအတု လုပ်မှု တွေနဲ့ပါ အရေးယူခံရမယ်လို့ ချင်းမိုင်လက်ထောက်ခရိုင်ဝန်က ဆက်ပြောပါတယ်။
အဆိုပါဖောင်ဒေးရှင်းတွေဟာ ဖရဲ့ခရိုင်မှာလည်း ရုံးခွဲရှိကြောင်း စုံစမ်းသိရှိရတဲ့အတွက် အဲဒီနေရာ ကိုရော ထိုင်းမြောက်ပိုင်းမှာဖွင့်လှစ်ထားတဲ့ ဖောင်ဒေးရှင်းတွေပါ ဆက်လက်စစ်ဆေးသွားဖို့ရှိ တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။