ပါရှန်းပင်လယ်ကွေ့တွင် အီရန်တော်လှန်ရေးအစောင့်တပ် စစ်ရေးလေ့ကျင့်

ပါရှန်းပင်လယ်ကွေ့ဒေသမှာ စစ်ရေးလေ့ကျင့်နေတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်က ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ သင်္ဘောတွေနဲ့ မြေပြင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်တာအပြင် မောင်းသူမဲ့လေယာဉ်တွေ ပျံသန်းနေပုံကို ပြထားပြီး ပင်လယ်ပြင်မှာရော မြေပြင်မှာပါ ပေါက်ကွဲနေတာ မြင်နိုင်ပါတယ်။
ဒါပေမဲ့ ဗီဒီယိုကို ဘယ်အချိန်၊ ဘယ်နေရာမှာ ရိုက်ကူးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရန်ဟာ မဟာဗျူဟာကျတဲ့ ဟောမုဇ်ရေလက်ကြားနားမှာ ဒီဇင်ဘာ ၃၀ ရက်က ရေကြောင်း၊ လေကြောင်းနဲ့ မြေပြင် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တယ်လို့လည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ဖူးပါတယ်။
အီရန်ဟာ ရုရှားကို Shahed-136 တိုက်ခိုက်ရေးဒရုန်းယာဉ်စီးရေ ၁,၇၀၀ ကို ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းက စွပ်စွဲထားပြီး အီရန်ဘက်ကတော့ ရုရှားရဲ့ ဖေဖော်ဝါရီကျူးကျော်မှု မတိုင်မီ ပေးပို့ခဲ့တာလို့ ပြောထားပါတယ်။ ယူကရိန်းနိုင်ငံထဲမှာ ရုရှားတပ်တွေက အီရန်ဒရုန်းတွေကို မသုံးခဲ့ဘူးလို့ ရုရှားအစိုးရကလည်း ငြင်းဆိုထားပါတယ်။