close

စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ KNDF ထံ CDM ပြုလုပ်

စစ်ကောင်စီလက်အောက်ခံ တပ်မ-၆၆ က တပ်သား ၁ ဦးဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၁၀ ထံကို လက်နက်ခဲယမ်းနဲ့အတူ အာဏာဖီဆန် CDM ပြုလုပ်လာတယ်လို့ KNDF တပ်ရင်း-၁၀ က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ-၁၀၂ တပ်ရင်းမှာ ၆ လတာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၃ နှစ်အရွယ် တပ်သား ကိုစိုးဝင်းဟာ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်းမှာ MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၂၂၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ KNDF တပ်ရင်း-၁၀ ထံကို CDM ပြုလုပ်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သားတွေကို တပ်တွင်းဖိနှိပ်မှုတွေနဲ့အတူ မိဘဆွေမျိုးတွေကို ဆက်သွယ်ခွင့်မပေးဘဲ သတင်းအမှောင်ချထားတာတွေကြောင့် ထွက်ပြေးကာ CDM ဝင်ရောက်လာတာ ဖြစ်တယ်လို့ တပ်သား ကိုစိုးဝင်းက ပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာတဲ့ တပ်သား ကိုစိုးဝင်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း-၁၀ က ဂုဏ်ပြုငွေ ကျပ် သိန်း ၃၀ ပြန်လည်ချီးမြှင့်ခဲ့ပြီး တပ်ရင်းအနေနဲ့ CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမြဲကြိုဆိုနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်ကလည်း ဒီးမော့ဆိုမြို့အခြေစိုက် ခမရ-၁၀၂ တပ်မှ တပ်သားတဦး KNDF တပ်ရင်း-၁၀ ထံ CDM ပြုလုပ်လာပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up