close

၁၅ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် ၅၀ ခန့်သေဆုံး

ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ၁ ယောက်အပါအဝင် ၄၇ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သီတင်း ၂ ပတ်ကျော်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေကြား မြေပြင်တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့ ပြီး Federal Wings Drone တပ်ဖွဲ့ကလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်လောက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်ကတော့ ၂ ယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ယောက် ရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အသုံးပြုတဲ့ စစ်ကား ၂၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ မူး (မုန်း) မြို့နယ် အုပ်ချုပ်နယ်မြေတွေထဲက ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up