close

ဘောလခဲရှိ မယ်စလောင်းတောင်စစ်တပ်စခန်းကုန်းကို ကရင်နီပူးပေါင်းတပ်များသိမ်းပိုက်၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းပေါ်မှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို  ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၀ ရက် မနက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ကရင်နီကွန်မန်ဒို၊ KA၊ KNDF B(15)၊ KNDF B(16)၊  KNDF B (09)၊  Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့  KNDF က ဇန်နဝါရီ ၂၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မယ်စလောင်းတောင်စခန်းကုန်းကို ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ရာမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား ၅ ဦးရဲ့  ရုပ်အလောင်းတွေနဲ့ အတူ  ၆၀ မမ စိန်ပြောင်း ၂ လက် ၊ RPG ၁ လက် ၊ MA-1 ၁ လက် ၊MA -2 ၁ လက် ၊ MA-3 ၁ လက် ၊ MA-4- 79 တွဲ ၁ လက် ၊ 9mm ၁ လက် ၊ ငါကြင်းမြီး ၁ လက် ၊ စနိုက်ဘာ ၁ လက် ၊ မိုင်းတွေ ၊ ခဲယမ်းကျည်ဆန်တွေအပြင် တခြားအသုံး အဆောင်တွေ  သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မယ်စလောင်းတောင်စခန်းကုန်းကို သိမ်းပိုက်နေ တဖက်မှာလည်း KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့ပူးပေါင်းကာ ဘောလခဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကရင်နီတပ်ဖွဲ့တွေ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ဆုပ်ခွာနိုင်တယ်လို့ ဆိုပါတယ်။

မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ် တစီးနဲ့ ၃ ကြိမ် တိုင်တိုင်လာရောက်ပစ်ကူပေးခဲ့သလို ဘောလခဲမြို့ အခြေစိုက်စစ်တပ်ကလည်း လက်နက်ကြီးတွေ အဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့တာကြောင့် ကရင်နီတပ်မတော် (KA) က ရဲဘော် တဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up