ရန်ပုံငွေထူထောင်ရေး အတူပူးပေါင်းလုပ်ရန် အစိုးရကို အတိုက်အခံညှိနှိုင်းရေးအဖွဲ့ တိုက်တွန်း

ဗင်နီဇွဲလားအတိုက်အခံတွေဟာ နိုင်ငံခြားဘဏ်စာရင်းတွေမှာ ပိတ်ဆို့ခံထားရတဲ့ ငွေကြေးတွေကို ကုလသမဂ္ဂစီမံအုပ်ချုပ်မှု လူသားချင်းစာနာမှု ရန်ပုံငွေအဖြစ် ရွှေ့ပြောင်းနိုင်မယ့် အဆိုပြုထားချက် တွေကို ဆွေးနွေးနေကြပြီး အစိုးရကိုလည်း ရန်ပုံငွေ အတူတကွ ထူထောင်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဇန်နဝါရီ ၂၀ ရက်မှာ ဝိုင်းဖွဲ့တိုက်တွန်းထားပါတယ်။
ဘဏ္ဍာငွေတွေကို အဆင့်ဆင့် လွှဲပြောင်းနိုင်ဖို့ နှစ်ဦးနှစ်ဘက် ပူးပေါင်းလုပ်ဆောင်မှသာ ဖြစ်နိုင်ကြောင်း အတိုက်အခံညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ Gerardo Blyde က ပြောပါတယ်။
ဒီငွေတွေကို တလုံးတခဲတည်း လွှဲပေးမယ်လို့ လုံးဝ မပြောထားကြောင်းနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ထဲမှာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို အစိုးရရဲ့ ဘဏ်အကောင့်တွေဆီ လုံးဝရောက်လာမှာ မဟုတ်ကြောင်း ဂယ်ရားဒို ဘလိုက်ဒ်က ပြောပါတယ်။
သန်းပေါင်း ၃ ထောင်ရရှိဖို့အတွက် မာဒူရိုအစိုးရဘက်ကလည်း လက်မှတ်ထိုးထားတာကြောင့် ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းစဉ်ကို အခြေအနေအရ ဆက်လုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
မာဒူရိုအစိုးရက အခုထိ ဒီလုပ်ငန်းစဉ်ကို စွန့်လွှတ်တယ်လို့ မပြောသေးကြောင်းလည်း ဘလိုက်ဒ် က ပြောပါတယ်။
ရန်ပုံငွေဟာ လည်ပတ်သုံးစွဲလို့ မရသေးဘဲ ငွေတွေထုတ်ယူနိုင်ဖို့ အကောင်အထည်ဖော်မယ့် အချိန်ကို သတ်မှတ်ထားခြင်း မရှိသေးပါဘူး။
မာဒူရိုအစိုးရကလည်း အခုသီတင်းပတ်အတွင်းမှာ ဖိအားတွေ တိုးလိုက်ပြီး ပိုင်ဆိုင်မှုတွေ ထုတ်မရနိုင်ဘူးဆိုရင် အခြေစိုက် ဆွေးနွေးပွဲတွေဆီ ပြန်သွားစရာ အကြောင်းမရှိဘူးလို့ ပြောထားပါတယ်။
ဇန်နဝါရီ ၁၉ ရက်တုန်းက အတိုက်အခံစည်းဝေးပွဲမှာ နိုင်ငံခြားပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတွေဟာ အခုလက်ရှိ နိုင်ငံခြားဘဏ် တွေမှာ ချုပ်ကိုင်ထားတဲ့ ဒေါ်လာ ၃ ဘီလီယံကျော်ကို စီမံခန့်ခွဲပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အားထုတ်လုပ်ဆောင်မှုတွေအတွက် ပိုက်ဆံကို ဖြည်းဖြည်းချင်း ထုတ်ယူခွင့်ရဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်က အခုသီတင်းပတ်မှာ ကြွေးမြီရှင် အကာအကွယ်ပေးမှုကို သက်တမ်းတိုးထားတဲ့ Citgo ရေနံသန့်စင်စက်ရုံ အပါအဝင် နိုင်ငံရပ်ခြားရှိ ဗင်နီဇွဲလားပိုင်ဆိုင်မှုတချို့ကို အနောက်နိုင်ငံ အများအပြားက ကျောထောက်နောက်ခံပြုပေးထားတဲ့ အတိုက်အခံတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။