close

ဆားဘီးယားတိုင်းရင်းသားများအပေါ် ကာကွယ်ရန် အစိုးရ၏ကြိုးပမ်းမှု ရုရှား ထောက်ခံ

ကိုဆိုဗိုမြောက်ပိုင်းက ဆားဘီးယားတိုင်းရင်းသားတွေကို ကာကွယ်ဖို့ ဆားဘီးယားအစိုးရက ကြိုးစားနေတာကို ထောက်ခံတယ်လို့ ရုရှားသမ္မတနန်းတော်က ဒီဇင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဘောလ်ကန်ဒေသ မတည်မငြိမ် ဗရမ်းဗတာဖြစ်အောင်လုပ်ဖို့ တင်းမာမှုတွေကို ရုရှားက တို့မီးရှို့မီး လုပ်နေတယ်ဆိုတဲ့ ကိုဆိုဗိုရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။

သီတင်းပတ်ချီ ကြာအောင် တင်းမာမှု မြင့်နေခဲ့ပြီးတဲ့နောက် စစ်ချီစစ်ထိုးဖို့ စစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားပြီးပြီလို့ ဆားဘီးယားက ပြောအပြီး နာရီပိုင်းအကြာမှာ ကိုဆိုဗိုနိုင်ငံမြောက်ပိုင်းက မီထရိုဗီကာမြို့မှာ ဆားဘီးယားတိုင်းရင်းသားတွေဟာ ဒီဇင်ဘာ ၂၇ ရက်မှာ အရံအတားတွေ အသစ် စိုက်ထူခဲ့ပါတယ်။

တိုင်းရင်းသား အယ်လ်ဘားနီးယားလူမျိုးတွေကို ကာကွယ်ဖို့ နေတိုးက ၁၉၉၈-၁၉၉၉ စစ်ပွဲကို ကြားဝင်ခဲ့ပြီးတဲ့နောက် အယ်လ်ဘားနီးယားလူမျိုး အများစုရှိတဲ့ ကိုဆိုဗိုနိုင်ငံဟာ အနောက်နိုင်ငံ တွေရဲ့ ကျောထောက်နောက်ခံနဲ့ ၂၀၀၈ ခုနှစ်မှာ ဆားဘီးယားဆီကနေ လွတ်လပ်ရေး ရပြီလို့ ကြေညာခဲ့တာပါ။

ရုရှားရဲ့ဩဇာ လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ ဆားဘီးယားအစိုးရဟာ ဆာ့ဘ် လူနည်းစုတွေကို ထောက်ပံ့တဲ့နည်းနဲ့ ကိုဆိုဗိုနိုင်ငံ မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ရည်မှန်းနေတယ်လို့ ကိုဆိုဗို ပြည်ထဲရေးဝန်ကြီးက အခိုင်အမာ ပြောခဲ့ပါတယ်။

အဲဒီ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ရုရှားသမ္မတ နန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ရုရှားရဲ့ အဖျက်ဩဇာအဖြစ် အပြစ်ရှာရင် မှားတယ်လို့ ပြောပါတယ်။

ဆားဘီးယားဟာ အချုပ်အခြာပိုင်နိုင်ငံဖြစ်လို့ ခက်ခဲတဲ့အခြေအနေတွေမှာရှိနေတဲ့ အနားမှာ နေထိုင်သူ ဆာ့ဘ်တွေကို ကာကွယ်တာ သဘာဝပဲ၊ အခွင့်အရေး ချိုးဖောက်ခံရချိန်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်တာလဲ သဘာဝပဲလို့လည်း သူက ဆက်ပြောပါတယ်။

ဆားဘီးယားအစိုးရကလည်း အိမ်နီးချင်းနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ကြိုးစားနေတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

အပေးအယူ အလျှော့အတင်းလုပ်ပြီး အဖြေရှာဖို့ ကြိုးစားနေတယ် ငြိမ်းချမ်းရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ဆားဘီးယားသမ္မတ အလက်ဇန်ဒါဗူဆစ်က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောခဲ့ပါတယ်။

ကိုဆိုဗိုမြောက်ပိုင်းက အခြေအနေတွေကို ဖြေရှင်းဖို့ သော့ချက်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းပဲလို့ ကိုဆိုဗို နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ ပြည်တွင်းတက်ကြွလှုပ်ရှားသူ NGO AKTIV အမှုဆောင်ဒါရိုက်တာ မီယိုဒရက်ဂ် မီလီချီဗစ်ခ်က ဒီဇင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ဆားဘီးယား အစိုးရက ထုတ်ပေးတဲ့ ကားလိုင်စင် နံပါတ်ပြားတွေကို အစားထိုးဖို့ ကိုဆိုဗိုအစိုးရရဲ့ ဆုံးဖြတ်ချက်အပြီး ရဲနဲ့တရားစီရင်ရေးအပါအဝင် ပြည်နယ် အဖွဲ့အစည်းတွေက ဆာ့ဘ် ဝန်ထမ်းတွေ တာဝန်ကနေ နုတ်ထွက် သွားခဲ့ပြီးတဲ့နောက် ကိုဆိုဗိုနဲ့ ဆားဘီးယား အစိုးရတွေကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

ကိုဆိုဗိုနိုင်ငံရဲ့ လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ကိုဆိုဗိုမှာရှိတဲ့ တိုင်းရင်းသား ဆွေမျိုးတွေကို ထောက်ခံအားပေးဖို့ ဆန္ဒပြသူတွေက ဆားဘီးယားဘက်ကနေ ပိတ်ဆို့ခဲ့ပြီးနောက် ကိုဆိုဗိုနဲ့ ဆားဘီးယားကြား အကြီးဆုံးနယ်စပ်ဖြတ်ကျော်မှုကို ဒီဇင်ဘာ ၂၈ ရက်က ပိတ်ပစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up