close

တောင်ဆူဒန်တွင် ကျွဲနွားကျောင်းသူများနှင့် ပြည်သူ့စစ်အဖွဲ့ကြား အကြမ်းဖက်မှု ၂၇ ဦး သေဆုံး

တောင်ဆူဒန်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မလာရောက်ခင် တရက်အလိုက အလယ်ပိုင်း အီကွေတိုရီးယားပြည်နယ်မှာ ကျွဲနွားထိန်းကျောင်းသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအကြား လက်တုံ့ပြန် အကြမ်းဖက်မှုမှာ လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ကာဂျိုကဲဂျီ ခရိုင်ကော်မရှင်နာ ဖနွဲလ် ဒူမိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂ ရက်က သူပုန်အဖွဲ့မှ တိုက်ခိုက်ရေးသမားတွေဟာ တိရစ္ဆာန်ထိန်းကျောင်းနေတဲ့ အသိုင်းအဝိုင်းထဲက လူ ၆ ယောက်ကို သတ်ဖြတ်လိုက်ပြီးနောက်မှာ တိရစ္ဆာန်ထိန်းကျောင်းသူ တွေကလည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာမှာ အနီးနားတစ်ဝိုက်က အရပ်သား ၂၁ ဦး သေဆုံးခဲ့ရပြီး အဲ့ဒီထဲမှာ ကလေး ၅ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးတို့ပါ သေဆုံးသွားခဲ့ရကြောင်း ခရိုင်ကော်မရှင်နာ ဖနွဲလ် ဒူမို က ပြောပါတယ်။ 

အခု လောလောလတ်လတ် သတ်ဖြတ်ကြမှု သတင်းကြောင့် ထိတ်လန့်သွားမိရတယ်လို့ တောင်ဆူဒန်ကို ပုပ်ရဟန်းမင်းကြီးနဲ့အတူ လိုက်ပါသွားတဲ့ ကန်တာဘာရီ ဂိုဏ်းချုပ်ကြီးက မိန့်ကြားပါတယ်။ 

“ဒါမျိုးအဖြစ်တွေက တောင်ဆူဒန်မှာ ခဏခဏ ကြားနေရတာပါ။ တောင်ဆူဒန်မှာ တရားမျှတတဲ့ ငြိမ်းချမ်းရေးအတွက် လက်တွဲဆောင်ရွက်ဖို့ တခြားနည်းလမ်းကိုလည်း ထပ်ပြီး တောင်းဆို ပါတယ်”လို့ သူ့ရဲ့တွစ်တာမှာ ရေးထားပါတယ်။ 

ပုပ်ရဟန်းမင်းကြီးဟာ အိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေ တောင်ဆူဒန်ကို ဖေဖော်ဝါရီ ၃ ရက်မှာ ကြွရောက်ဖို့ စီစဉ်ထားတာပါ။

လူပေါင်း ရာထောင်ချီ သေဆုံးခဲ့ကြရတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့နယ်မြေတွေပေါ်မှာ နှစ်ပေါင်းဆယ်ချီ ကြာမြင့်အောင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းစေဖို့ အဓိကရည်ရွယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ မျှော်လင့်ထားပါတယ်။ 

၂၀၁၃ - ၂၀၁၈ ပြည်တွင်းစစ်ရဲ့ အဓိကအင်အားစုတွေ ၂၀၁၈ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့် လတ်တလောနှစ်တွေအတွင်း တောင်ဆူဒန်မှာ အကြမ်းဖက်မှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပေမယ့် ပြိုင်ဘက်အသိုင်းအဝိုင်းတွေကြား အောက်ခြေအဆင့် ထိပ်တိုက်တွေ့မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ 

Up