close

IMF ရန်ပုံငွေ အမြန်ရမည်ဟု သီရိလင်္ကာသမ္မတ ပြော

သီရိလင်္ကာနိုင်ငံဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထောက်ပံ့ငွေကိုရဖို့ ကြိုတင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ကမ္ဘာလုံးဆိုင်ရာ ငွေချေးသူတွေဆီက ခွင့်ပြုချက် အမြန်ရမယ်လို့ သမ္မတ ရာနီးလ်ဝစ်ခရီမန်ဆင်းဂ်က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။

"အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုရဖို့ လိုအပ်တဲ့ ခက်ခဲတဲ့အဆင့်ကို အောင်မြင်ပြီးမြောက်အောင် လုပ်နေပါတယ်။ သူတို့ရဲ့ သဘောတူညီချက်ကို ကြန့်ကြာမနေဘဲ ရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ ဝစ်ခရီမန်ဆင်းက ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောလိုက်တာပါ။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ဆီက လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးသော ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်နေရသလို ဒေါ်လာရှားပါးမှု ကြုံတွေ့ခဲ့ရပြီး ပြင်းထန်တဲ့ ငွေကြေးဖောင်းပွမှု၊ ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေကို ခံစားခဲ့ရတာပါ။

မြို့တော်ကိုလံဘိုရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ တက္ကသိုလ်တစ်ခု အပြင်ဘက်မှာ တက္ကသိုလ် ကျောင်းသား၊ အလုပ်သမားသမဂ္ဂတွေနဲ့ တက်ကြွလှုပ်ရှားသူ ၁၅၀၀ လောက်က စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ကိုလံဘိုမြို့တော်မှာတော့ ဘုန်းတော်ကြီးတွေကပါ ဆန္ဒပြခဲ့ကြပါတယ်။

"ပြည်သူတွေ သက်သာရာရဖို့အတွက် ပိုက်ဆံသုံးတယ်လို့ လူတွေက ပြောကြတယ်။ အဲဒီငွေတွေကို ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်အောင် သုံးစွဲကြပေါ့၊ အဲဒီငွေတွေကို တိုင်းပြည် ကောင်းကျိုးအတွက် သုံးကြပေါ့။ ဒါပေမယ့် စာနာမှုမရှိတဲ့ ခေါင်းဆောင်တွေက ဒါတွေကို လျစ်လျူရှုခဲ့တယ်။ သူတို့လုပ်ချင်တာကို လုပ်နေတယ်။"လို့ ဖခင်တဦးဖြစ်သူ ရိုဟန်ဆေးလ်ဗားက ပြောပါတယ်။

လူပေါင်း ၂၂ သန်းရှိသော ကျွန်းမှာ အခွန်မြင့်မားမှု၊ ဆေးဝါးနဲ့ လောင်စာဆီလို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ နေ့စဥ် ဓာတ်အားပြတ်တောက်တာတွေကိုလဲ ကြုံတွေ့ခဲ့ရပါတယ်။

သီရိလင်္ကာဟာ လက်ရှိမှာ အဓိကကြွေးရှင် နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်တို့ဆီက ဘဏ္ဍာငွေ အာမခံချက်ရယူဖို့ အာရုံစိုက်နေတာပါ။ တတိယအကြီးဆုံး ကြွေးရှင်ဖြစ်တဲ့ အိန္ဒိယက ကြွေးမြီ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ပံ့ပိုးကူညီဖို့ ပြီးခဲ့သည့်လက သဘောတူခဲ့ပါတယ်။

သီရိလင်္ကာဗဟိုဘဏ်ဟာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ စီးပွားရေးအလှည့်အပြောင်းဖြစ်မယ်လို့ ခန့်မှန်းထားပြီး ငွေကြေးဖောင်းပွမှုဟာ အခုနှစ်ကုန်မှာ ဂဏန်းတစ်လုံးတည်း အဆင့်ကို ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Up