မန်ယူနှင့် အမြဲတမ်းစာချုပ် ချုပ်ဆိုနိုင်ရန် လမ်းဖွင့်ထားဟု ဆာဘစ်ဇာ ပြော

မန်ယူအသင်းနဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုဖို့အထိ လမ်းဖွင့်ထားတယ်လို့ ကွင်းလယ်လူ ဆာဘစ်ဇာ ကပြောပါတယ်။
သြစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာဟာ အဲရစ်ဆင် ဒဏ်ရာရခဲ့ပြီးနောက် အရေးပေါ်ခေါ်ယူမှုအနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။
စာချုပ်သက်တမ်းက ရာသီအကုန်ထိပဲဆိုပေမယ့် မန်ယူအသင်းမှာကစားရတာကို နှစ်သက်ပြီး ရာသီအကုန်မှာ ဘာဖြစ်မလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဆာဘစ်ဇာကပြောပါတယ်။
ယူနိုက်တက် အသင်းမှာပျော်ရွှင်နေပြီး အိုးထရတ်ဖို့ဒ်ကွင်းက ပရိသတ်တွေရဲ့အားပေးသံကိုလည်း သဘောကျကြောင်း ဆက်ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်နဲ့ ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ခဲ့ပြီး သူပြောတဲ့အတိုင်း အသင်းကစားကွက်မှာ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့ကြောင်းလည်း ဆာဘစ်ဇာကပြောပါတယ်။ အသက် ၂၈ နှစ်ရှိ ကွင်းလယ်လူဟာ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်နှစ်ပွဲလုံးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။