ကွင်းလယ်ကစားသမား ဆာဘစ်ဇာအတွက် မန်ယူအသင်းက ပေါင် ၁၈ သန်း ပေးချေမယ်ဆိုရင် အပြီးသတ် ခေါ်ယူခွင့်ရရှိမှာဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်နဲ့ လာရောက် ကစားနေတဲ့ ဆာဘစ်ဇာဟာ ကစားခွင့်ရတဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် မန်ယူအသင်းဘက်ကလည်း အပြီးသတ်ခေါ်ယူလိုတယ်လို့ ဆိုပါတယ်။
ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း မန်ယူအသင်းမှာ ဆက်လက်ကစားသွားလိုပြီး ရာသီကုန်တဲ့အချိန်မှာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောထားပါတယ်။
ဘိုင်ယန်မြူးနစ်ဘက်ကတော့ သြစတြီးယားလက်ရွေးစင် ဆာဘစ်ဇာအတွက် ပေါင် ၁၈ သန်း အလိုရှိနေပြီး မန်ယူအသင်းက ပေးချေမယ်ဆိုရင် ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုဖို့အထိ လမ်းဖွင့်ထားတယ်လို့ ကွင်းလယ်လူ ဆာဘစ်ဇာ ကပြောပါတယ်။
သြစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာဟာ အဲရစ်ဆင် ဒဏ်ရာရခဲ့ပြီးနောက် အရေးပေါ်ခေါ်ယူမှုအနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။
စာချုပ်သက်တမ်းက ရာသီအကုန်ထိပဲဆိုပေမယ့် မန်ယူအသင်းမှာကစားရတာကို နှစ်သက်ပြီး ရာသီအကုန်မှာ ဘာဖြစ်မလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဆာဘစ်ဇာကပြောပါတယ်။
ယူနိုက်တက် အသင်းမှာပျော်ရွှင်နေပြီး အိုးထရတ်ဖို့ဒ်ကွင်းက ပရိသတ်တွေရဲ့အားပေးသံကိုလည်း သဘောကျကြောင်း ဆက်ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်နဲ့ ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ခဲ့ပြီး သူပြောတဲ့အတိုင်း အသင်းကစားကွက်မှာ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့ကြောင်းလည်း ဆာဘစ်ဇာကပြောပါတယ်။ အသက် ၂၈ နှစ်ရှိ ကွင်းလယ်လူဟာ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်နှစ်ပွဲလုံးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။