တောဝက်အကယ်ဒမီဘောလုံးအသင်းခေါင်းဆောင် နောင့်ဒွမ်းအတွက် အောက်မေ့ဘွယ် ကျင်းပ

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က မယ်ဆိုင်ဂူထဲပိတ်မိလို့ ကမ္ဘာကျော်သွားတဲ့ တောဝက် အ ကယ်ဒမီဘောလုံးအသင်းဝင် ၁၃ ဦးအနက် နောင့်ဒွမ်းဆိုသူ လူငယ်လေးမှာ ပညာသင်ဆုရပြီး အင်္ဂလန်နိုင်ငံမှာ ဘောလုံးသင်တန်းကျောင်းတက်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
ကွယ်လွန်သူ နောင့်ဒွမ်း (ခ) ဒွမ်းဒုမ်ဖေ့ချ် ဖရူမ်ထိပ် ( အသက် ၁၈ နှစ် ) အား ရည်စူးပြီးအောက်မေ့ဖွယ်အခမ်းအနားတွေကို သူပညာသင်နေတဲ့ အင်္ဂလန်နိုင်ငံက Brooke House College Football Academy စာသင်ကျောင်းမှာရော ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ် The Vachiralai အထက်တန်းကျောင်းနဲ့ ဇာတိမြေ မယ်ဆိုင်မြို့ပါ ကျင်းပခဲ့ပါတယ်။
နောင့်ဒွမ်းဟာ ရည်မှန်းချက်မြင့်မားပြီး ဇွဲရှိတဲ့လူငယ် ၁ ဦးဖြစ်တာကြောင့် တကျောင်းလုံးရဲ့ စံပြလူငယ်ဖြစ်ကြောင်း၊ အရွယ်မတိုင်ခင် တိမ်းပါးသွားလို့ ဝမ်းနည်းရပြီး ကျောင်းနေဘက် သူ ငယ်ချင်းတွေရဲ့ စိတ်ဒဏ်ရာကို နှိမ့်သိမ့်ကုစားပေးနေတယ်လို့ Brooke House College Football Academy ကျောင်းက ထုတ်ပြန်ထားပါတယ်။
ချင်းမိုင်ခရိုင် The Vachiralai ကျောင်းက အောက်မေ့ဖွယ်အခမ်းအနားကို မနေ့က ခရစ်ယာန်ဓလေ့ထုံးစံနဲ့ ကျင်းပခဲ့ပြီး နောင့်ဒွမ်းရဲ့ လှူပ်ရှားမှု အဖြူအမည်းဓာတ်ပုံ ၊ ဖဲကြိုးအနက်ရောင်တွေနဲ့ ဆင်ယင်ပြသထားပါတယ်။
အဆိုပါကျောင်းမှ နောင့်ဒွမ်းရဲ့ သူငယ်ချင်းဖြစ်သူ ၁ ဦးက သူနဲ့ နောင့်ဒွမ်းဟာ ပြီးခဲ့တဲ့စနေနေ့က ပုံမှန်ဆက်သွယ်စကားပြောခဲ့ကြောင်း၊ သူ့မှာ ကျန်းမာရေးပြဿနာဘာမှမရှိသလို ဘောလုံးလေ့ကျင့်စဉ်လည်း ဘာမှမဖြစ်ကြောင်း ၊ ဇွန်လထဲ သူပြန်လာရင် သွားရောက်လည်ပတ်မယ့်နေရာ ၊ သွားစားချင်တဲ့အရာတွေ ချိန်းချက်ထားကြောင်း၊ အခုလို သူသေဆုံးသွားတာကို မယုံကြည်နိုင်အောင်ဖြစ်ရတယ်လို့ ပြောပါတယ်။
မယ်ဆိုင်မှာလည်း ကျန်ရစ်သူ မိဘနဲ့မိသားစုဝင်တွေက မနေ့က နောင့်ဒွမ်းနှစ်သက်တဲ့ အစားအစာတွေနဲ့ သံဃာတော်တွေကို ဆွမ်းလောင်းပြီး အလှူဒါနပြုခဲ့ပါတယ်။
ဒါ့အပြင် ဖရထတ်လွိုင်ဝေါင်းကျောင်းတိုက်မှာလည်း နောင့်ဒွမ်းကောင်းရာသုကတိလားစေဖို့ သံ ဃာ တွေက ရွတ်ဖတ်သရဇာယ်ဆုတောင်းခဲ့ကြပါတယ်။
နောင့်ဒွမ်းသေဆုံးရခြင်းအကြောင်းနဲ့ ပတ်သက်လို့ အစပိုင်းမှာ ဘောလုံးကစားရင်းလဲကျသွား တာလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တရားဝန်ထုတ်ပြန်ချက်တွေမရှိသေးပါဘူး။ သူ့ကိုအစစ တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ Zico Foundation ဒါရိုက်တာ ခွန်ကစ်သီဆတ် ဆေနာမုန်း ကလည်း နောင့်ဒွမ်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည်ပိုင်းက သူ့အခန်းထဲမှာ တယောက်တည်းသတိလစ်ပြီး လဲကျနေတာကို ဆရာတွေက တွေ့ရှိတာကြောင့် ဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်၊ သတိမေ့ရတဲ့အကြောင်းရင်းကို မသိသေးဘူး၊ ဆေးရုံရောက်ပေမယ့် သူ့ရဲ့ အသက်ရှူနှုန်းတဖြည်းဖြည်းနဲ့ နှေးလာလို့ ထိုင်းသံရုံးကနေတဆင့် မယ်ဆိုင်က မိဘတွေဆီအ ကြောင်းကြားခဲ့တယ်၊ မိဘတွေရဲ့ ခရီးစရိတ်အတွက် ဇီကိုဖောင်ဒေးရှင်းက အကုန်တာဝန်ယူ မယ်လို့ ပြောခဲ့ပြီး ခရီးမထွက်ဖြစ်ခင် ဖေဖော်ဝါရီလ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်မှာ နောင့်ဒွမ်းအသက်ရှူရပ်သွားခဲ့တာလို့ ပြောပါတယ်။
ကျန်ရစ်သူမိသားစုက သူ့ရဲ့အလောင်းကို ထိုင်းကိုပြန်သယ်လာပြီး ဈာပနအခမ်းအနားကျင်း ပလိုတယ်လို့ တောင်းဆိုထားတာကြောင့် ဒါရိုက်တာ ခွန်ကစ်သီဆတ်က ဆောင်ရွက်ပေးမယ့်အကြောင်း ကတိပေးသွားပါတယ်။