နော့စထရင်းမ်ပိုက်လိုင်း ပျက်စီးမှုမှ အမေရိကန်အမြတ်အများဆုံးရဟု ကျူးဘားပညာရှင်ပြော

အမေရိကန်ပြည်ထောင်စုဟာ နော့စထရင်းမ်ပိုက်လိုင်းပျက်စီးမှုကနေ အမြတ်အများဆုံးရခဲ့ပြီး အရင်ကလည်း အလားတူနည်းဗျူဟာတွေကို သုံးခဲ့တယ်လို့ ကျူးဘားနိုင်ငံတကာမူဝါဒ သုတေသနဌာနက နိုင်ငံရေးသိပ္ပံပညာရှင် နယ်ဆွန်ဟော်ကေ ဆွက်စ်တယ်ဂေက ပြောလိုက် ပါတယ်။
အမေရိကန်ရေတပ်ဟာ နော့စထရင်းမ်ပိုက်လိုင်း ပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ အခိုင်အမာ ပြောထားတဲ့ အငြင်းပွားဖွယ် အစီရင်ခံစာကို ပူလစ်ဇာဆုရှင် အမေရိကန် စုံစမ်းဖော်ထုတ်ရေးသတင်းထောက် ဆေမော်ဟာ့ရှ်က အရင်အပတ်က ဆပ်စတက်ခ် အင်တာနက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
ဇွန်လက အမေရိကန်ရေတပ်က ရေငုပ်သမားတွေဟာ ကျယ်ကျယ်ပြန့်ပြန့် လူသိထင်ရှား ကြေညာခဲ့တဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ နွေလယ်စစ်ရေးလေ့ကျင့်မှု BALTOPS 22 ကို အကာအကွယ်ယူပြီး နော့ဒ်စထရင်းမ် ပိုက်လိုင်းတွေမှာ အဝေးထိန်း ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ပြီး ၃ လအကြာမှာ ဖောက်ခွဲခဲ့လို့ ပိုက်လိုင်းလေးခုထဲက သုံးခု ပျက်စီးခဲ့တယ်လို့ ဟာ့ရှ်က ပြောပါတယ်။
သူ့ရဲ့ အစီရင်ခံစာအတွက် အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေကို အားကိုးထားလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သူ့အစီရင်ခံစာကို ထိုးဇာတ်သက်သက်ပဲလို့ ပြောဆို ပယ်ချခဲ့ပါတယ်။ မျက်မှောက်ရေးရာတွေကို ဟောပြောရေးသားသူ အများအပြားကလည်း ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
ကျူးဘားနိုင်ငံရေးသိပ္ပံပညာရှင်ကတော့ သူ့သက်သေတွေက အမေရိကန်ကို လက်သည်အဖြစ် ညွှန်ပြနေတယ်လို့ ပြောပါတယ်။
အမေရိကန်မှာ မိတ်ဆွေရော မဟာမိတ်ပါ မရှိဘဲ နေတိုးလို မဟာမိတ်ကို သူ့ အကျိုးစီးပွားအတွက် အသုံးချတယ်လို့လည်း ကျူးဘားပညာရှင်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
“အမေရိကန်ဟာ ဒါမျိုးဗျူဟာကို တခြားဖြစ်ရပ်တွေမှာလည်း သုံးခဲ့ဖူးတယ်။ ရုရှားက ဥရောပကို ဓာတ်ငွေ့ မရောင်းရရင် အမေရိကန်က အင်မတန် ကြိုက်မှာပဲ ဥရောပမှာ ဓာတ်ငွေ့ ပြတ်လပ် နေပြီဆိုတော့ အမေရိကန်က ဥရောပကို ဓာတ်ငွေ့ ရည်တွေ ပို့ပေးနိုင်တယ်။ ခုလည်း ပို့ပြီးနေပါပြီ။ အမေရိကန်ဓာတ်ငွေ့ရည်က ရုရှားထက် အများကြီး ပိုပြီး စျေးကြီးတယ်၊ ဒါကြောင့် ဒါဟာ အမေရိကန်အတွက် အကျိုးစီးပွား သက်သက်ပဲ အမေရိကန်က အများဆုံးရသွားတယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။