close

မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီက အရေးယူရန်ပျက်ကွက်မှု အန္တရာယ်များလွန်းဟု အမေရိကန် ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချပြီး ပြုံယမ်းကို သံတမန်ရေးအရ တိုက်တွန်းတဲ့ တရားဝင်ထုတ်ပြန်ချက်လုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီ ၂၀ ရက်မှာ အဆိုတင်သွင်းခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးပါ အဖွဲ့အစည်းက တုံ့ပြန်ဖို့ ပျက်ကွက်ရင် အာရှဒေသနဲ့ ကမ္ဘာတခုလုံးကို အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

“လုံခြုံရေးကောင်စီရဲ့ အရေးယူဖို့ ပျက်ကွက်တာဟာ ရှက်စရာကောင်းတာထက် ပိုဆိုးရွားပြီး အန္တရာယ်များလွန်းတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းန်ဖီးလ်က ပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို အများဆန္ဒအရ သဘောတူညီရမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားတို့ကတော့ လုံခြုံရေးကောင်စီရဲ့ နောက်ထပ်လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားအပေါ် နောက်ထပ် ဖိအားပေးမှုတွေက အပြုသဘောဆောင်မှာ မဟုတ်ဘူးလို့ ငြင်းခုံနေပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ထောက် ကုလသံအမတ်ကြီး ဒိုင်ဘင်းင်က ပိတ်ဆို့အရေးယူမှုတွေကို သီးသန့်လိုက်ရှာနေတာဟာ အဆုံးသတ်ဆီကိုသာ ဦးတည်သွားစေမှာဖြစ်ကြောင်း ပြောပါတယ်။

ပြုံယမ်းရဲ့ ပစိဖိတ်ဒေသကို ပစ်ကွင်းအဖြစ် အသုံးပြုနေတာဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ အပြုအမူအပေါ် မူတည်နေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူက ပြောကြားခဲ့ပြီးနောက် လုံခြုံရေးကောင်စီမှာ မနေ့က အစည်းအဝေးလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယားနဲ့ ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဖို့နဲ့ ဂျပန်နဲ့လည်း သီးခြားစစ်ရေးလေ့ကျင့်မှု လုပ်မယ်ဆိုတဲ့အပေါ် မြောက်ကိုရီးယားက ဂျပန်ကမ်းလွန်ပင်လယ်ပြင်ထဲကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်ပြီး ရက်ပိုင်းအကြာမှာပဲ ဖေဖော်ဝါရီ ၂၀ ရက်က နောက်ထပ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အစည်းအဝေးအပြီးမှာ အဖွဲ့ဝင် ၃ ပုံ ၂ ပုံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချကြောင်း အမေရိကန် ကုလသံအမတ် သောမတ်စ် ဂရင်းဖီးလ် ဖတ်ကြားတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ တရားမဝင် နျူးကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို မြှင့်တင်နေတာကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေတာကို နှုတ်ဆိတ်နေမှာ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Up