close

ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်အထိမ်းအမှတ် ရုရှားနိုင်ငံတွင်းဆန္ဒထုတ်ဖော်သူများ ဖမ်းဆီးခံရ

ယူကရိန်းအပေါ် ကျူးကျော်ခဲ့တဲ့ မော်စကိုရဲ့ အထူးစစ်ဆင်ရေး တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ်ဂ်မြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်က ပန်းတွေလာချပြီး ဆန္ဒထုတ်ဖော်တဲ့ လူအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

စိန့်ပီတာစ်ဘတ်ဂ်မြို့မှာရှိတဲ့ ယူကရိန်းစာရေးဆရာ တာရက်စ်ရှက်ဗ်ချန်ကို ရုပ်တုမှာ ပန်းတွေ လာချခဲ့ကြတဲ့ အနည်းဆုံး လူ ၁၅ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ 

နောက်ပိုင်းမှာ အဲဒီနေရာကို ရောက်လာတဲ့ အမျိုးသမီး ၂ ဦးက ပန်းတွေကို ခြေမွပြီး အနီးအနားက အမှိုက်ပုံးထဲကို စွန့်ပစ်လိုက်ပါတယ်။ 

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ တနှစ်တင်းတင်းပြည့်တဲ့နေ့မှာ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရုရှားနိုင်ငံတဝန်းမှာ အလားတူလုပ်ဆောင်ခဲ့တဲ့ လူဒါဇင်ပေါင်း များစွာဟာ ဖမ်းဆီးခံ ခဲ့ရတယ်လို့ အဲဒီလူအခွင့်အရေးအဖွဲ့က ပြောပါတယ်။ 

ပြီးခဲ့နှစ်တုန်းကလည်း ဒီစစ်ဆင်ရေးအပေါ် ဆန့်ကျင်ခဲ့တဲ့ ရုရှားနိုင်ငံအနှံ့က ဆန္ဒပြပွဲတွေမှာ လူပေါင်း ၄၃၀၀  ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ OVD-Info လူအခွင့်အရေး မီဒီယာ ပရောဂျက်အရ သိရပါတယ်။

ရုရှားစစ်တပ်ကို အသရေပျက်စေတာ ဒါမှမဟုတ် ဒီစစ်ရေးပဋိပက္ခအပေါ် ဝေဖန်ပြောဆိုသူတွေကို ဒဏ်ငွေ ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေအသစ်တွေကိုလည်း ရုရှားနိုင်ငံမှာ ထုတ်ပြန်ထားပါတယ်။

Up