close

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ ခရီးသည်ယာဥ်တိမ်းမှောက်မှုတွင် ကွယ်လွန်

မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံဟာ မတ် ၄ ရက် ဒီနေ့မနက်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် ခရီးသည်တင် ယာဉ်တိမ်မှောက်မှုမှာ ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း နဂါးမာန်မြန်မာ့ရိုးရာ လက်ဝှေ့အသင်းက  ထုတ်ပြန်ထားပါတယ်။

မြန်မာ့လက်ဝှေ့လောကမှာ လူသိများထင်ရှားခဲ့တဲ့ လက်ဝှေ့ကျော် ရွှေဓူဝံဟာ ၇၅ ကီလို မစ်ဒယ်ဝိတ်တန်းမှာ မြန်မာပြည်ရဲ့ ရွှေခါးပတ်ချန်ပီယံဆုကို ၁၉၉၆ ခုနှစ်က ရရှိခဲ့သူဖြစ်ပါတယ်။

Photo-MFSD

ဒီမနက် ၅ နာရီခွဲလောက်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆၇/၄)နဲ့ (၁၆၇/၅) ကြားမှာ YUTONG အမျိုးအစား ဒို့ညီနောင်ခရီးသည်တင်ယာဉ်တစီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားတဲ့ GUARD RAIL တန်းတွေကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယာဉ်တိုက်မှုကို သာဂရအမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား အယောက် ၂၀၊ အမျိုးသမီး ၁၁ ယောက် စုစုပေါင်း ၃၁ ယောက်ထဲက အမျိုးသား ၃ ဦး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံးသူတွေထဲမှာ စစ်တပ်က အရာရှိတဦးလည်းပါတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်တို့ကို  လူမှုကူညီရေးအသင်းယာဉ်တွေနဲ့ ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်းအရ သိရပါတယ်။

Up