နယူးယောက်အခြေစိုက် Signature ဘဏ်ပိတ်သိမ်းခံရ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အာဏာပိုင်များက နယူးယောက် အခြေစိုက် Signature ဘဏ်ကို မတ်လ ၁၂ ရက်မှာ ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Signature ဘဏ်က အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ၃၂ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့ ဆီလီကွန်ဗယ်လီဘဏ်ကို ပိတ်သိမ်းပြီးနှစ်ရက်အကြာမှာ အခုလို အာဏာပိုင်တွေက Signature ဘဏ်ကိုထပ်မံပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။
Signature ဘဏ်မှာ မတ်လ ၈ ရက်အထိ ငွေအပ်နှံမှုတွေရှိခဲ့ပြီး ဘဏ်ပိတ်သိမ်းလိုက်ပေမဲ့ ငွေအပ်နှံထားသူတွေရဲ့ ငွေတွေကို အကုန်ပြန်လည်ပေးအပ်မှာဖြစ်ကြောင်း ဆုံးရှုံးမှုတွေအတွက် အခွန်ထမ်းပြည်သူတွေက ပေးဆောင်ရမှာမဟုတ်ဘူးလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ တခြားဘဏ်နဲ့ပတ်သက်တဲ့အာဏာပိုင်တွေက ပိတ်သိမ်းပြီးနေ့မှာထုတ်ပြန်ခဲ့ပါတယ်။
Signature ဘဏ်လဲပြိုမှုက အမေရိကသမိုင်းမှာ တတိယမြောက် အကြီးမားဆုံးဖြစ်တဲ့ ပိတ်သိမ်းမှုဖြစ်ပြီး မတ်လ ၈ ရက် အထိ အပ်နှံငွေ ၈၉ ဒသမ ၁၇ ဘီလီယံ ရှိခဲ့ပြီးတော့ ပိုင်ဆိုင်မှုတန်ဖိုး ၁၁၀ ဒသမ ၃၆ ဘီလီယံ ရှိခဲ့တယ်လို့ နယူးယောက်ဘဏ္ဍာရေးဌာနက ဖော်ပြထားပါတယ်။
အမေရိကန်မှာ အဆိုပါ ဘဏ် ၂ ခု ဆက်တိုက် စတင်ပြိုလဲလာတဲ့အတွက် ကမ္ဘာ့ငွေကြေးနဲ့ အရင်းအနှီးစျေးကွက်တွေကို ရိုက်ခတ်လာနိုင်တယ်လို့ ဒေသတွင်း ဘဏ်ပိုင်ရှင်တွေက သုံးသပ်ထားကြပါတယ်။